မလေးရှားဝန်ကြီးချုပ် မဟာသီယာ ရုရှားနိုင်ငံသို့ သုံးရက်ကြာခရီးစဉ် စတင်

၅ စက်တင်ဘာ

မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်သည် ဗလာဒီဗော့စတော့မြို့၌ကျင်းပမည့် ၅ ကြိမ်မြောက် အရှေ့ပိုင်းစီးပွားရေးဖိုရမ် (EEF 2019) တက်ရောက်ရန် ရုရှားနိုင်ငံသို့ သုံးရက်ကြာ တရားဝင် ခရီးစဉ်တစ်ရပ် သွားရောက်လျက်ရှိကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ပြောကြား လိုက်သည်။

ဝန်ကြီးချုပ် မဟာသီယာသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ လိုက်ပါလျက် ရုရှားနိုင်ငံသို့ ယနေ့မှစ ၍  စက်တင်ဘာလ ၆ ရက်အထိ သွားရောက်မည်ဟု အဆိုပါဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားသည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်၊ အခြားခေါင်းဆောင်များနှင့်အတူ အသက် ၉၄ နှစ်အရွယ် ဝန်ကြီးချုပ် မဟာသီယာက ဖိုရမ် မျက်နှာစုံညီအစည်းအဝေး၌ မိန့်ခွန်းပြောမည်ဖြစ်သည်။ ဖိုရမ်အတွင်း နှစ်နိုင်ငံ ဆွေးနွေးမှုများလည်း ပြုလုပ်သွားမည်ဖြစ်သည်။

ရုရှားနိုင်ငံသို့သွားရောက်သည့် ဝန်ကြီးချုပ် မဟာသီယာ၏ခရီးစဉ်က အပြန်အလှန် အကျိုးဖြစ် ထွန်းမှုကိုအခြေခံသည့် နှစ်နိုင်ငံ၊ ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များအပေါ် အမြင်ချင်း ဆွေးနွေးဖလှယ်ရန် မလေးရှားနိုင်ငံအတွက် အခွင့်အလမ်းတစ်ရပ် ဆောင်ကြဉ်းပေးပါကြောင်း၊ စက်မှုတော်လှန်ရေး အဆင့် ၄ ဖော်ဆောင်မှုနှင့်အညီ အထူးသဖြင့် သိပ္ပံနှင့်နည်းပညာနယ်ပယ်တွင် စီးပွားရေး အခွင့်အလမ်းများ၊ ရင်းနှီးမြှပ်နှံမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုအသစ်များ ဆွဲဆောင်မည့် ကြီးမားသော အစီအစဉ်တစ်ခုလည်းဖြစ်ပါကြောင်း အဆိုပါထုတ်ပြန်ချက်က ဖော်ပြသည်။

၂၀၁၅ ခုနှစ်တွင် သမ္မတ ပူတင် တည်ထောင်ခဲ့သည့် နှစ်စဉ်ကျင်းပသော အရှေ့ပိုင်းစီးပွားရေးဖိုရမ်မှာ အရှေ့ဖျားဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးအတွက် နိုင်ငံရေးသ မားများ၊ စီးပွားရေးဆိုင်ရာ အမှုဆောင်များနှင့် ကျွမ်းကျင်သူများကြား မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးရာ အရေးပါသော နေရာတစ်ခု ဖြစ်ခဲ့သည်။ 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်