မလှိုင်မြို့နယ်၌ အစ်ကိုဖြစ်သူမှ ဓါးဖြင့်ခုတ်သဖြင့် ညီဖြစ်သူသေဆုံး

မလှိုင် ၁၁ မတ်    

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့မရဲစခန်းနယ်မြေ၌ မတ် ၁၁ ရက် နံနက် ၈ နာရီခွဲခန့်က အစ်ကိုဖြစ်သူမှ အရက်ကြောင် ကြောင်ကာ ညီဖြစ်သူအား ဓါးဖြင့်ခုတ်ခဲ့သဖြင့် ညီဖြစ်သူသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း မလိူင်မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ မလှိုင်မြို့နယ် ကျောက်တန်းကျေးရွာအုပ်စု ကျောက်တန်းကျေးရွာနေ ဦးစိုးကြည် (၆၄)နှစ်သည် ၎င်း၏နေအိမ်အတွင်းခန်းတွင် သားကြီးဖြစ်သူ  ကျော်စိုး (၃၇)နှစ် (တရားခံ)နှင့်အတူ အိပ်ယာဝင်ခဲ့ပြီး ဒဏ်ရာရရှိသူ (သားငယ်) ဖြစ်သူ ကျော်မျိုး (၃၅)နှစ်မှာ နေအိမ်ဘေးကပ်လျက်ရှိ နွားတဲဘေးဖီတွင် အိပ်ယာဝင်ခဲ့ကြောင်း၊ သားကြီးဖြစ်သူ ကျော်စိုးမှာ လွန်ခဲ့သော (၁)လခန့်က ညာလက်မအား တံခါးညှက်၍ ရရှိထားသောဒဏ်ရာကြောင့် အရက်ဖြတ်ထားရာမှ အရက်ကြောင် ကြောင်၍ တစ်ညလုံး မအိပ်ဘဲ ဟိုဟိုဒီဒီ လက်ညိုးထိုးပြနေသည်ကို ဖခင်ဖြစ်သူမှ ထိန်းသိမ်းခဲ့ပြီး မတ် ၁၁ ရက် နံနက် ၇ နာရီခန့်၌ ဖခင်ဖြစ်သူမှာ အိပ်ယာထဲတွင်ရှိနေစဉ် ကျော်စိုးမှာ အပေါ့သွားရန် ထသွားခဲ့ကြောင်း၊ ယင်းနောက် နွားတဲဘက်မှ ထုရိုက်သံများကြား၍ ထကြည့်ရာ ကျော်စိုး၏လက်ထဲတွင် ဓါးကိုင်ထားသည်ကိုတွေ့ရပြီး သားငယ်ဖြစ်သူကျော်မျိုးမှာ အိပ်ယာထဲတွင် ဘယ်ဘက်နားရွက် ပြတ်ရှဒဏ်ရာ၊ ညာမေးစေ့အောက် ပြတ်ရှဒဏ်ရာများဖြင့် သတိမေ့နေသည်ကို တွေရှိရသဖြင့် ကျေးရွာအုပ်ချူပ်ရေးမှူးမှတစ်ဆင့် မလှိုင်မြို့မရဲစခန်းသို့ တိုင်တန်းခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မလှိုင်မြို့မရဲစခန်းက ကျော်စိုးအားဖမ်းဆီးပြီး ဒဏ်ရာရရှိသူ ညီဖြစ်သူကျော်မျိုးအား မလှိုင်ပြည်သူ့ဆေးရုံသို့ ရဲဆေးစာနှင့်အတူ ပို့ဆောင်စဉ် သေဆုံးသွားခဲ့သဖြင့် ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်ကျော်(မလှိုင်)