မွမ်ဘိုင်းက ဆင်းရဲသားတွေရဲ့ Bollywood အိမ်မက်အကောင်ထည်ဖော်ရာ သင်တန်းကျောင်း 

၁၉ စက်တင်ဘာ 

 

ဘောလီးဝုဒ်(Bollywood) မှာ နာမည်ကျော်သရုပ်ဆောင်ဖြစ်ရေး သို့မဟုတ် ဘောလီးဝုဒ်ရုပ်ရှင်မှာ အနည်းဆုံး ပါဝင်သရုပ်ဆောင်ရေး က  အာရှရဲ့ အကြီးဆုံးသော ဆင်းရဲသားရပ်ကွက်ရှိရာ ဒါဟာရာဘီမှာ နေထိုင်သူတွေ အတွက်  အိမ်မက်တစ်ခုဖြစ်ပါတယ်။ 

 

အဲဒီနေရာမှာရှိတဲ့ စတူဒီယို တစ်ခုမှ သရုပ်ဆောင်ပညာသင်ကြားပေးနေတဲ့ ဘာဘူရာအို လက်ရှာဟပ် ဟာ နှစ်ပေါင်း ၃၅ နှစ်အတွင်းမှာ သင်တန်းသား ၁၅,ဝ၀ဝ ကျော်ကို သင်ကြားပြီးကြောင်း သိရပါတယ်။ 

 

လက်ရှာဟပ်ဟာ တစ်ချိန်က သူကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး ကိုယ်တိုင်ဇာတ်ကား ရိုက်ကူးဖူးသူဖြစ်ပါတယ်။ အခုတော့ သင်တန်းသားတွေကို သရုပ်ဆောင်ပညာ၊ အကတွေပါ သင်ကြားပေးနေပါတယ်။ 

 

၂၀ဝ၈ ခုနှစ်က အောင်မြင်ခဲ့တဲ့ Slumdog Millionaire မှာ သူ့သင်တန်းသား ၃၀ နီးပါး ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အတွက် ဘဝ အလှည့်အပြောင်းတစ်ခု ဖြစ်လာပါတယ်။ အဲဒီ ရုပ်ရှင် ထွက်လာပြီးနောက်မှာ သူ့သင်တန်းကို လာပြီး သရုပ်ဆောင်ပညာသင်ပေးဖို့ ပြောနေပါတယ်။ တစ်ချိန်တည်းမှာ ဒါရိုက်တာ ၁၂၀ ကျော်က သူဆီလာပြီး သရုပ်ဆောင်တွေ ရှာခိုင်းတာမျိုး လုပ်ဆောင်လာမျိုးရှိလာကြောင်း သိရပါတယ်။  သူအနေနဲ့လည်း ငါးနှစ်အရွယ် သရုပ်ဆောင်ကနေ အသက် ၅၅ နှစ်အရွယ်သရုပ်ဆောင်အထိ ပေးနိုင်ကြောင်း သင်တန်းကျောင်းဆရာ လက်ရှာဟပ်က ပြောပါတယ်။ 

 

လက်ရှာဟပ်ရဲ့ သင်တန်းကြေးဟာ ရူပီးငွေ ၁၀ဝ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၄) ကနေ ၆၀ဝ ရူပီးအထိ အသက်အရွယ်ကို လိုက်ပြီး သင်တန်းကြေး အပြောင်းအလဲရှိကြောင်း ပြောပါတယ်။ ဒါပေမယ့် သင်တန်းကြေးမတတ်နိုင်သူတွေအတွက် သင်တန်းကြေးပေးရန်မလိုကြောင်း ဆက်ပြောပါတယ်။ 

 

အိန္ဒိယရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတွေကို အိန္ဒိယနိုင်ငံတွင်းနဲ့ နိုင်ငံတကာပရိသတ်အတွက် ရုပ်ရှင်ဇာတ်ကားတွေနဲ့ ဇာတ်လမ်းတွဲတွေ ထုတ်လုပ်ပေးဖို့ Netflix ကနေ လုပ်နေပါတယ်။ ဒီလအတွင်းမှာ Netflix က ဘောလီးဝုဒ်ရုပ်ရှင်ထုတ်လုပ်သူ ကာရမ် ဂျိုဟာ နဲ့ ရေရှည်ပူးပေါင်းကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။ 

 

MDN
ကိုးကား - AFP