မမေ့နိုင်ဖွယ် အညာဆောင်း

သတင်းဆောင်းပါး - သိန်းထွန်း (IR)

နတ်တော်လကုန်လို့ ပြာသိုလပြည့်နေ့  ဖြစ်နေပြီ။ ဆောင်းရဲ့အရသာကို သိပ်ပြီး သိသိသာသာ မရသေးဘူး။ နံနက်အစောရော ညပိုင်းပါ ရေချိုးလို့ ကောင်းတုန်း ပဲ။ ဆောင်းတွင်းမှာမြင်နေကျ နှင်းမှုန်၊ နှင်းစက်တို့ ဘယ်ကိုများ ခရီးလွန်နေလဲမသိ။ အရိပ်အယောင်တောင် မမြင်ရ။ တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသို၊ တပို့တွဲတွေက ဆောင်းရာသီလို့ဆိုပေမယ့် အခုဆို ဆောင်းရာသီတစ်ဝက်ပင် ကျိုးနေပြီ။ ဆောင်းတွင်းမို့ အနွေးထည်ဝတ်ရတဲ့ ရက်တွေကို မှတ်မှတ်ရရ လက်ချိုးရေလို့ရတယ်။ အရင်ကတော့ နတ်တော်၊ ပြာသိုလဆိုတာက အအေးဆုံးလ။   အခုတော့ အဲဒီလို မအေးတော့ပေါင်။ ဆောင်းတွင်းမအေးလို့ အဲကွန်း ဖွင့်ထားရတာ ရှိသေးရဲ့။

ကိုယ့်ဆီမှာသာ အအေးတွေကလျော့နေတာ။  သတင်းထဲမှာတွေ့ရတာက အမေရိကန်မှာ အအေး ဓာတ်လွန်ကဲနေလို့တဲ့လေ။ နှင်းတွေကျနေလိုက်တာ အထူကြီးပဲ။ ရာသီဥတုတွေက  ဖောက်ပြန်ကုန်ပြီ။ ကျွန်တော်တို့ငယ်ငယ်က    အညာမှာဆိုပေမယ့် ဆောင်းရောက်ပြီဆိုရင် အေးလိုက်တာ။ အနွေးထည် တွေရော    ခေါင်းစွပ်တွေပါ     ဝတ်ထားရတယ်။ ညပိုင်းဆို  မီးဖိုဘေးမှာ  မိသားစုတစ်တွေ   ဝိုင်းဖွဲ့ ထိုင်ပြီး မီးလှုံကြရတယ်။ ညပိုင်းဆိုရင် မီးမဖိုဘဲ နေလို့မရဘူး။ မီးဖိုမှာ မီးမပြတ်အောင်လို့ ဖေဖေက ထင်းတုံးအကြီးကြီးတွေရှာပြီး မီးဖိုပေးထားတယ်။ မီးဖိုဘေးမီးလှုံရတဲ့  အရသာက   အညာဆောင်းရဲ့ အရသာတစ်ခုပဲ။ ဖေဖေ၊  မေမေတို့ဆိုရင် မီးဖိုဘေး မီးလှုံနေတာတောင် အနွေးထည်တွေ၊ ခေါင်းစွပ်တွေ စွပ်ထားကြရတယ်။   ကျွန်တော်တို့ဆိုရင်လည်း စောင်တွေပတ်ပြီး မီးလှုံရတာ။ ရာသီဥတုကအေးလို့ သာ မီးလှုံရတာ။  မီးလှုံရင်   အသားပပ်တယ်။ ဟုတ်လည်း ဟုတ်ပါတယ်။ မျက်နှာတွေ လက်တွေ မှာ အသားတွေက  ပပ်ကြားအက်သလို   ကွဲလာ ရော။  

မြစ်တစ်ဖက်ကမ်းကို ကူးဖို့ 
တံတားတွေ မရှိသေး

မီးလှုံတဲ့အချိန်ဆို   ကျွန်တော်တို့ကလေးတွေ သဘောကျတာ   တစ်ခုရှိတယ်။   အဲဒါကတော့ ထန်းပင်မြစ်ဖုတ်   စားရတာပဲ။   ကျွန်တော်တို့က ထန်းပင်မြစ်ကို    ဈေးထဲက   ဝယ်စားတာထက် အုတ်ရှစ်ပြားရွာကနေ      ယူလာတာများတယ်။ အုတ်ရှစ်ပြားရွာက   ဖေဖေ့     ဇာတိလေ။ မုံရွာ  ချင်းတွင်းမြစ်တစ်ဖက်ကမ်း ဆားလင်းကြီးမြို့နယ် ထဲမှာ ရှိတာ။ မုံရွာကနေ အုတ်ရှစ်ပြားကိုသွားမယ် ဆိုရင် ချင်းတွင်းမြစ်ကိုကူးပြီးမှ သွားရတယ်။ အရင် တုန်းက မုံရွာကနေ ချင်းတွင်းမြစ်တစ်ဖက်ကမ်းကို ကူးဖို့ က  ကူးတို့ သင်္ဘောနဲ့ လှေတွေပဲ ရှိတယ်။၊ ချင်းတွင်း မြစ်ကူးတံတားတွေ မရှိသေးဘူး။ 

အဲဒီတော့ မုံရွာကနေ အုတ်ရှစ်ပြားကိုသွားဖို့ ဆိုရင် မုံရွာကူးတို့ဆိပ်ကနေ  ကူးတို့  သင်္ဘောနဲ့ ချင်းတွင်းမြစ်ကိုကူး။    မြစ်အနောက်ဘက်ကမ်း ညောင်ပင်ကြီးရွာရောက်မှ အုတ်ရှစ်ပြားကို စက်ဘီး နဲ့ဆက်သွားတယ်။ ညောင်ပင်ကြီးနဲ့ ဆားလင်းကြီး ကိုဆွဲတဲ့ လိုင်းကားတော့ရှိတယ်။ ဂျစ်ကားတွေနဲ့ ဆွဲတာ။ ဖေဖေနဲ့ ကျွန်တော်တို့ကတော့ လိုင်းကား မစီးပါဘူး။ ကိုယ့်ဘာသာ စက်ဘီးနဲ့ပဲ သွားကြတာ။ အချိန်သိပ်မကြာပါဘူး။ ကားလမ်းတစ်လျှောက် စက်ဘီးစီးရတာ ပျော်စရာကောင်းတယ်။ လမ်းဘေး တစ်လျှောက်လုံးက ထန်းတောတွေချည်း။ ကားလမ်း ဘေးတစ်ဖက်တစ်ချက်မှာ   သစ်ပင်သစ်ရိပ်တွေနဲ့ ဆိုတော့ အေးအေးလူလူစက်ဘီးနင်းသွားရုံပဲ။ 

အုတ်ရှစ်ပြားရွာက ညောင်ပင်ကြီးနဲ့ ဆားလင်း ကြီးကြားမှာ ရှိတယ်။ ရွာမှာက ထန်းနဲ့ ပတ်သက်တာ မှန်သမျှ  ပေါမှပေါ။ အိမ်ဆောက်တာ၊   ခြံစည်းရိုး ကာတာအစ ထန်းပင်ထွက်တွေချည်းပဲ။ ကျောင်း ပိတ်ရင် ရွာကို ကျွန်တော်တို့ပြန်ဖြစ်ကြတယ်။ ရွာမှာ ဖေဖေ့ညီအစ်ကိုမောင်နှမတွေရှိကြတယ်။ ရွာရောက် ရင်  ဘယ်လိုပျော်စရာ  ကောင်းမှန်းကို   မသိဘူး။ ရွာက အိမ်တိုင်းလိုလိုမှာ  ထန်းကျင်းတွေ   ရှိကြ တယ်။ အဒေါ်ရဲ့ အိမ်နောက်မှာလည်း ထန်းကျင်း ရှိတော့  ထန်းပင်မြစ်စားချင်ရင်   ကိုယ့်ဘာသာ ကျင်းထဲကနေ   တူးယူစားပေတော့။   အဲဒီတော့ ဆောင်းတွင်းမှာ ရွာကို ဖေဖေသွားတိုင်း အပြန်ကျ ရင် ထန်းပင်မြစ်စည်းက စက်ဘီးနောက် ကယ်ရီ ယာမှာ အမြဲပါလာတယ်။ လတ်လတ်ဆတ်ဆတ်နဲ့ အကြီးကြီးတွေ။
ဆောင်းတွင်းမှာ မီးလှုံရင်း ထန်းပင်မြစ်စားရတဲ့ အရသာက ဘာနဲ့မှ   မလဲနိုင်ဘူး။   နောက်ပြီး ကျွန်တော်တို့ငယ်ငယ်ကတော့   ထန်းပင်မြစ်ကို မီးဖုတ်ပဲ  စားကြတယ်။ ပြုတ်ပြီး စားလေ့မရှိဘူး။ ထန်းပင်မြစ်ဖုတ်တာကို ဖေဖေက ကျွမ်းကျင်တယ်။ ဖေဖေက   ထန်းပင်မြစ်ကို    တစ်ချောင်းချင်းစီ ဖုတ်တာမဟုတ်ဘူး။ သုံးချောင်းထောက်နဲ့ အစည်း လိုက် ဖုတ်တာ။ အိမ်မှာက ဆောင်းတွင်းမှာမီးလှုံဖို့ အိမ်ရှေ့ကွက်လပ်ကျယ်ကျယ်မှာ မီးဖိုထားတယ်။ နေရာကျယ်တော့   မိသားစုဝိုင်းထိုင်လို့ရတယ်။ တစ်ခါတလေ အိမ်နီးနားချင်းတွေလည်း လာကြ သေးတယ်။ အဲဒီမီးဖိုပေါ်မှာ ရေနွေးတည်လို့ရအောင် ဖေဖေက သုံးပေလောက်ရှည်တဲ့ ဝါးဆစ်ပိတ် ဝါးလုံး သုံးလုံးနဲ့ သုံးချောင်းထောက် ဖိုခနောက် လုပ်ထား တယ်။ ဝါးလုံး သုံးချောင်းရဲ့ထိပ်ကို အပေါက်တွေ ဖောက်ပြီး သွပ်နန်းကြိုးနဲ့တွဲထားတော့ ခေါက်သိမ်း လို့လည်းလွယ်၊ အကျဉ်းအကျယ်၊ အနိမ့်အမြင့်လုပ် လို့လည်း လွယ်တယ်။ သုံးချောင်းထောက်ရဲ့ထိပ်မှာ ခပ်သေးသေး  သံကြိုးတစ်ခု တွဲလောင်းဆွဲထားပြီး သံကြိုးထိပ်မှာ   ချိတ်တစ်ခုတပ်ထားလိုက်တော့ ရေနွေးအိုးတယ်မယ်ဆိုရင် သံကြိုးထိပ်ကချိတ်မှာ ချိတ်လိုက်ရုံပဲ။ ရေနွေးအိုးနဲ့   မီးဖိုနဲ့   အနိမ့်အမြင့် လုပ်ချင်ရင် သုံးချောင်းထောက်ခြေတွေကို စုလိုက်၊ ချဲ့လိုက်လုပ်ရုံနဲ့ အဆင်ပြေသွားရော။

ဆောင်းတွင်းရောက်လာပြီဆို
 ဖေဖေ့လက်ရာ အမြဲသတိရ 

အဲဒီသုံးချောင်းထောက်က ရေနွေးအိုးတည်ရုံ တင် အသုံးဝင်တာ မဟုတ်ဘူး။ ထန်းပင်မြစ်ဖုတ် ရင်လည်း အဆင်ကိုပြေလို့။ သံကြိုးထိပ်က ချိတ်မှာ ထန်းပင်မြစ် အစည်းလိုက်ချိတ်ပြီး ဖုတ်လိုက်တာ။ အဲဒါနဲ့ဆို   ထန်းပင်မြစ်အကျက်လည်း   ညီတယ်။ တူးလည်းမသွားဘူး။ ပူပူနွေးနွေးလေး ထန်းပင် မြစ်လေးတွေကိုချိုး၊ အမျှင်တွေသင်ပြီး ဆီနဲ့ဆားနဲ့ တို့စားရင်  စားလို့ကောင်းမှကောင်း။ နောက်ပြီး ထန်းပင်မြစ်ဖုတ်စားပြီးရင် ထန်းပင်မြစ် အူတိုင်လေး တွေနဲ့ ယပ်တောင်လေးတွေတို့၊   အရုပ်ကလေးတွေ တို့ ဖေဖေက လုပ်ပေးသေးတယ်။ နောက်ပိုင်း ကိုယ့် ဘာသာလုပ်တတ်တော့ ကစားစရာ တစ်မျိုးရသွား တယ်။ ဒါကြောင့် ဆောင်းတွင်းရောက်လာပြီဆို ဖေဖေ့လက်ရာ ထန်းပင်မြစ်ဖုတ်ကို  အမြဲသတိရ တယ်။ အခုတော့ ဆောင်းလည်း မအေး၊ ဖေဖေလည်း မရှိတော့ ဆောင်းရဲ့အရသာ၊ ထန်းပင်မြစ်ဖုတ်ရဲ့ အရသာနဲ့ ဝေးခဲ့တာကြာပါပြီ။ ဆောင်းရောက်လို့ ထန်းပင်မြစ်စားရရင်တောင်   အရင်လို  အရသာနဲ့ မတူတော့သလိုဘဲ။ 

ကျွန်တော်တို့အညာမှာ ဆောင်းတွင်းဆို စားလို့ ကောင်းတဲ့   စားစရာတစ်မျိုး    ရှိသေးတယ်ဗျ။ ကျွန်တော်တို့ကတော့ ထန်းခြည်ထွေးလို့ ခေါ်ကြ တာပဲ။ ထန်းဆန်ခြည်ထွေးလို့လည်း ခေါ်ကြတယ်။ ထန်းသီးစေ့တွေကနေ     ထန်းပင်မြစ်မဖြစ်ခင် အညှောက်လေးတွေ   ပေါက်ခါစမှာ   ထန်းစေ့ကို   ခွဲလိုက်ရင်  ထန်းချည်ထွေးရတယ်။ အဖြူရောင် လည်း ရှိတယ်၊ အဝါရောင်သန်းနေတာလည်း ရှိတယ်။ အဲဒီ အဆန်နုလေးက အရည်ရွှမ်းပြီး ချိုနေတာ။ ဘယ်သရေစာမုန့်နဲ့မှ မလဲနိုင်ဘူး။ အခုခေတ်စကား နဲ့ဆိုရင်  အော်ဂဲနစ်အစစ်တွေ။   ပေါ့ရွှတ်ရွှတ်နဲ့ အရသာမချိုတဲ့ အဆန်တွေလည်း  ရှိတယ်။ ရွာမှာက   ထန်းကျင်းရှိတော့ ထန်းကျင်းထဲက  အညှောက် ထွက်နေတဲ့ အစေ့တွေယူပြီး ခွဲစားကြတာ။ ဈေးမှာ ရောင်းတာတွေလည်း ရှိကြပါတယ်။ ရွာမှာတော့ ဝယ်စားစရာ မလိုဘူးလေ။  

သူ့ရာသီ၊ သူ့ဒေသ၊ 
သူ့အစားအစာလေးတွေက လိုက်ဖက်

ဆောင်းတွင်းမှာ ရွာရောက်ရင် ထန်းပင်ထွက် အကောင်းဆုံးတစ်ခုလည်း ရှိသေးတယ်။ အဲဒါက ထန်းရည်ဗျ။   မုံရွာချင်းတွင်းမြစ်    အနောက်ဘက် ကမ်းဘက်မှာက   ထန်းတောတွေ   ချည်းပဲလေ။ ဖေဖေတို့ဆိုရင် မိဘတွေက သားသမီးကို ထန်းပင် အမွေပေးကြတာ။ ထန်းတောထဲ   သွားလိုက်ရင် ထန်းတဲတွေက   အများကြီး။   ထန်းရည်ကနေ ထန်းလျက်ချက်တဲ့ တဲတွေ။ အဒေါ်က ကျွန်တော်တို့ ရောက်လာလို့ ထန်းရည်ချိုသောက်မယ်ဆို ယူပေး တယ်။ ချိုလိုက်တာဆို ပြောမနေနဲ့တော့။ ဒါကြောင့် ဆောင်းတွင်း ရွာပြန်ရင် သဘာဝထွက် အစားအစာ တွေက အများကြီးပဲ။ သူ့ရာသီ၊ သူ့ဒေသ၊ သူ့အစား အစာလေးတွေက လိုက်ဖက်ကြတယ်။

အညာဆောင်းမှာ ကျွန်တော်ကြိုက်တဲ့ စားစရာ တစ်ခုရှိသေးတယ်။ အဲဒါက စိမ်းစားဥပါပဲ။ ကျွန်တော် တို့ဘက်မှာ စိမ်းစားဥက ပေါတယ်။ အလုံးကလည်း ကြီး ချိုလည်း ချို၊ တကြွပ်ကြွပ်နဲ့ ဝါးစားရတာ  အရသာ တယ်ရှိတာကိုး။ မေမေ  ဈေးသွားရင်   ကျွန်တော်ကြိုက်တတ်တဲ့ စိမ်းစားဥတစ်တွဲကတော့   အမြဲဝယ်လာတယ်။ စိမ်းစားဥက  အအေးစာဆိုပေ မယ့် ဆောင်းရာသီနဲ့တော့ လိုက်သားဗျ။ သူ့ရာသီနဲ့ သူမို့ လားတော့  မပြောတတ်ပါဘူး။   ဆောင်းတွင်းမှာ တစ်ခါတလေတော့ ကောက်ညှင်းကျည်တောက် စားရတယ်။ သိပ်တော့ မစားဖြစ်ပါဘူး။ ရံဖန်ရံခါမှပါ။ ကျွန်တော်က  ကောက်ညှင်းကျည်တောက်ထက် ထမနဲကို ပိုကြိုက်တယ်။ သူလည်းပဲ ဆောင်းရာသီရဲ့ ရာသီစာလိုပဲ။  ဒါပေမယ့်  အခုတော့  အချိန်မရွေး ဝယ်စားလို့ရနေပါပြီ။

ဆောင်းတွင်း အေးတဲ့အခါ  မီးလှုံကြ

အညာဆောင်းအကြောင်း    ပြောရင်တော့ အများကြီးပါပဲ။ မှတ်မိတာ   တစ်ခုရှိသေးတယ်။ မီးလှုံရင်းစောင်ကို မီးစွဲသွားလို့လေ။ ဆောင်းတွင်း အေးတဲ့အခါကျတော့ အညာစောင်ကြီး တယမ်း ယမ်းနဲ့ ဖိုသီဖတ်သီခြုံပြီး မီးလှုံကြတာကိုး။ မီးလှုံတဲ့ အခါ ပထမတော့ မီးဖိုဘက်လှည့်ပြီး လက်တွေ၊ ခြေထောက်တွေကို နွေးအောင်လှုံကြ။ နည်းနည်း ကြာလာလို့ မျက်နှာဘက်နည်းနည်းပူလာရင် မီးဖို ကို ကျောပေးပြီး နောက်ကျောနွေးအောင် လှုံကြနဲ့။ ဇာတ်လမ်း က  အဲဒီမှာစတာပဲ။  စောင်ခြုံထားပြီး    မီးဖိုကို နောက်ကျောပေးထိုင်နေတာ။ ခြုံထားတဲ့ နောက်ကျောဘက် စောင်အစက မီးနဲ့ ကပ်သွားပြီး စောင်ကိုမီးစွဲသွားပါလေရော။ စောင်မှာ   မီးလောင် ပေါက်ကြီး ဖြစ်သွားတယ်။ အဲဒီလိုပါဆို။ အခုတော့   အညာဆောင်းလည်း စောင်ခြုံပြီး မီးလှုံရလောက် အောင် မအေးတော့ပါဘူး။ အဲဒီတော့ စောင်စမီးစွဲမှာ လည်း မပူရတော့ဘူးပေါ့။ 

ဆောင်းရောက်ရင်  ကျွန်တော်ဖြစ်နေကျ တစ်ခု က   မီးလှုံလို့   အသားပတ်သလို   ဆောင်းတွင်းမှာ နှုတ်ခမ်းကွဲတာနဲ့ လျှာကွဲတာပဲ။ ဆောင်းရောက်လို့ နှုတ်ခမ်းကွဲ၊  လျှာကွဲရင်  ထမင်းစားချိန်ဆို   ဒုက္ခ ရောက်ပြီ။ ငရုတ်သီးအစပ် စားမိလို့ကတော့ စွေ့စွေ့ ကို ခုန်နေရတာ။ ကျွန်တော့်အစ်မဖြစ်သူတွေကတော့ အလှဆီတွေတို့၊  နှုတ်ခမ်းနီတွေ   ဆိုးကြတာပေါ့။ နှုတ်ခမ်းတွေခြောက်၊   နှုတ်ခမ်းတွေ   ကွဲတာလည်း အနေရအတော်ဆိုးတာ။ အဲဒါဆို မေမေက ဟင်းချက် ရင် ငရုတ်သီးလျှော့ပြီး ချက်ပေးတယ်။ ငရုတ်သီး လျှော့မထည့်လည်း စားတာပါပဲ။ စပ်ကာမှ စပ်ရော။

ရာသီဥတုက သိသိသာသာကို ပြောင်းနေ

တစ်ရက်က မုံရွာက သူငယ်ချင်းနဲ့ဖုန်းရတော့ ငယ်ငယ်က အညာဆောင်းနဲ့  ပတ်သက်လို့ပြော ဖြစ်ကြသေးတယ်။ ဆောင်းက အရင်လိုမအေးတော့ ပါဘူးကွာတဲ့။ ဟုတ်မှာပဲ ... ရာသီဥတုက မသိမသာ လေး   ပြောင်းတာမဟုတ်ဘူး။    သိသိသာသာကို ပြောင်းနေတာ။ တောင်ကြီးမြို့လို တောင်ပေါ်ဒေသ မှာတောင် အအေးကပေါ့နေပြီ။ ငယ်ငယ်တုန်းက ဆောင်းတွင်းမနက်မှာ   ပါးစပ်ကနေ     ဝါးခနဲ လုပ်လိုက်ရင် အငွေ့တွေထွက်တဲ့အထိ အေးတယ်။ မျက်နှာသစ်မလို့ ရေထိလိုက်ရင်တောင် အေးလွန်း လို့ မျက်နှာကို ရေနဲ့ပွတ်တယ်ဆိုရုံ ပွတ်လိုက်တာ။ ချေးပြောင်တာ   မပြောင်တာမသိဘူး   မအေးရင် ပြီးတာပဲ။      ရေချိုးဖို့ကတော့    ပြောမနေနဲ့     တော့။                                

မေမေက ရေချိုးခိုင်းရင်  တီကောင်ကို  ဆားနဲ့တို့ သလိုပဲ တွန့်လိမ်နေတာ။ နေ့လယ်ခင်းနေပူနေတဲ့အချိန် ရေချိုး ရမှာတောင် မချိုးချင်ဘူး။ ရေတွင်းထဲကရေကိုငင်ပြီး ချိုးရင် နွေးနေလို့ ချိုးလို့ရသေးတယ်။ ကျောက်ခွေကန်ထဲက ရေနဲ့ ဆို   မချိုးရဲဘူး။ အေးစိမ့်နေတာ။  ရေချိုးရင်း ပါးစပ်က တဂတ်ဂတ်နဲ့ မေးချင်းရိုက်နေသေးတယ်။

ရာသီစာတွေက နှစ်တွေပြောင်းပေမယ့်ရိုးမသွားခဲ့

အခု  ပြန်စဉ်းစားကြည့်တော့  ပုံပြင်တွေလို ဖြစ်သွားပြီ။ တစ်ချိန်တစ်ခါက အညာဆောင်းဟာ ကျွန်တော်တို့မိသားစု အတွက်တော့ နွေးထွေးမှုတွေပေးတဲ့ ရာသီတစ်ခုဆိုလည်း မမှားဘူး။ မီးဖိုဘေးမှာ  မိသားစုတွေဝိုင်းထိုင်ပြီး   မိသားစု အရေးတွေ ပြောကြ၊ ရပ်ရေးရွာရေးတွေပြောကြ၊ ကျွန်တော် တို့ ပညာရေးတွေပြောကြ၊ သားသမီးတွေကို ဆိုဆုံးမကြ၊ မောင်နှမတစ်တွေ စကြနောက်ကြနဲ့ ပြီးပြည့်စုံတဲ့ ဆောင်း ညချမ်းတွေဖြစ်ခဲ့တယ်။    မီးလှုံရင်   အသားပပ်တယ်လို့ ဘယ်လောက်ပြောပြော  အချိန်တန်ရင်   မီးဖိုဘေးမှာ ထိုင်ဖြစ်ကြတာပါပဲ။ မီးလှုံရင်း စားရတဲ့ရာသီစာတွေဆိုက လည်း နှစ်တွေပြောင်းပေမယ့် ရိုးမသွားခဲ့ပါဘူး။ ဒါကြောင့် လည်း    ဆောင်းရာသီရောက်တိုင်း   အညာဆောင်းကို လွမ်းမိတာထင်ပါတယ်။

အခုတော့  ဆောင်းရာသီသာရောက်တယ်  ဆောင်းရဲ့ အအေးဓာတ်ကို   သိပ်မရသေးဘူး။   ရာသီဥတုတွေကို ကြည့်လိုက်ရင် ပူတဲ့ဒေသတွေက ပိုပူလာ၊ အေးတဲ့ဒေသတွေ က ပိုအေးလာနေတယ်။ မိုးများတဲ့ဒေသတွေမှာ မိုးတွေများ၊ ရေတွေကြီးနဲ့။ အဲဒီလို    ရာသီဥတုတွေ    ပြောင်းလဲနေပြီဆို တော့ အညာဆောင်းက လွမ်းလေဝေးလေဖြစ်တော့မယ် ထင်ပါရဲ့။     ။