မမြင်ရတဲ့ရန်သူနဲ့ တိုက်ပွဲမှာ.. တစ်ထောင့်တစ်နေရာ

၂၉ ဧပြီ

 

တစ်နေ့လုံး အပူရှိန်ပြင်းခဲ့သည့်နေက အနောက်ဘက်သို့ ဝင်လုပြီ။ ညနေခင်း ဈေးတန်းလေး၏ လမ်းမထက်ဝယ် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် လက်ကိုင်စပီ ကာတစ်ခုဖြင့် ပြည်သူများကို အသိပညာပေး ဆော်ဩနေသူတစ်ဦးရှိသည်။ မကြာခဏ လက်ဆေးရန်၊ လူတစ်ဦးနှင့်တစ်ဦးခြောက်ပေအကွာတွင် နေကြရန်၊ အပြင်သွားပါက နှာခေါင်းစည်းတပ်ဆင်ကြရန် စသည့် အချက်များအပါအဝင် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အကြံပေးလမ်း ညွှန်ချက်များက လက်ကိုင်စပီကာမှတစ်ဆင့် ထွက်ပေါ်လာသည်။ သူနှင့်မလှမ်းမကမ်း တွင်လည်း ဌာနဆိုင်ရာဝန်ထမ်းဝတ်စုံ ကိုယ်စီနှင့် အခြားအဖွဲ့သားများက ဈေးသည် နှင့် ဈေးဝယ်များကို ကိုဗစ်-၁၉ နှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန် လက်ကမ်း စာစောင်လေးများ ဝေငှနေသလို အချို့ ကလည်း ပညာပေးပိုစတာများကို နံရံများ တွင် ကပ်နေသည်။ နေရာက ပြည်မြို့ ရွှေဆံတော်ဘုရားအနီး ညနေခင်းလေး တစ်ခုဖြစ်သည့် ဖက်တန်းဈေးတွင် ဖြစ်သည်။ ဤသည်မှာ ပြန်ကြားရေးဝန်ကြီး ဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများတွင် တစ်ထောင့်တစ်နေရာမှ ပါဝင်ဆောင်ရွက် နေကြသည့် မြင်ကွင်းတစ်ခုဖြစ်သည်။

 

ပြန်ကြားရေးဝန်ကြီးဌာန၏ အဓိက ရည်မှန်းချက်တာဝန်သုံးရပ်မှာ ပြန်ကြားပေးရန်၊ ပညာပေးရန်နှင့် ဖျော်ဖြေပေးရန် ဟူ၍ဖြစ်ပြီး ယင်းတာဝန်ကို ပြန်ကြားရေး ဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါပြည်တွင်းသို့ မဝင်ရောက်မီ၊ ဝင်ရောက်ချိန်နှင့် တွန်းလှန်ကာကွယ် ကြစဉ်ကာလတစ်လျှောက် နိုင်ငံတော်၏ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်း များနှင့် ဝန်ကြီးဌာနအသီးသီးတို့အပြင် ပရဟိတမောင်နှမများ အားလုံးနည်းတူ ကူညီအားဖြည့်ပေးနေကြသူများလည်းဖြစ်သည်။

 

ပြန်ကြားရေးဝန်ကြီးဌာနသည် သတင်းအချက်အလက်များ ပြည်သူ့ထံအရောက် ပေးပို့နိုင်ရေး၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်မှ ပြည်သူ့ထံပေးပို့သည့် သတင်း စကားများအပြင် ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များကို ပြည့်ပြည့်စုံစုံ သတင်းထုတ်ပြန်နိုင်ရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မြန်မာ့အသံ ရေဒီယို၊ မြန်မာ့အလင်း၊ ကြေးမုံသတင်းစာများ၊ MOI၊ ဝက်ဘ်ဆိုက်၊ ဝက်ဘ်ပေါ်တယ်တို့နှင့် Myanmar Digital News အွန်လိုင်းသတင်းစာများအပြင် ဌာန၏ အင်တာနက် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် အချိန်မဆိုင်း တင်ဆက်အားဖြည့်နေသည်ကို သတင်းစာဖတ်ရှုသူများ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကို ကြည့်ရှုအားပေးကြသူများနှင့် အွန်လိုင်းမှကြည့်ရှုကြသူများ အားလုံးအသိပင်ဖြစ်ပါ သည်။

 

ကိုဗစ်-၁၉ မလာရောက်မီ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက တရုတ်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေ ချိန်ကတည်းက ဗိုင်းရပ်စ်၏ စရိုက်လက္ခဏာများ၊ ရောဂါကူးစက်နိုင်မှုများနှင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ သတိပေးချက်များကို ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်း တစ်လျှောက် သတင်းများဖော်ပြခြင်း၊ ပညာရှင်များနှင့် တွေ့ဆုံမေးမြန်းခြင်း၊ နိုင်ငံတကာသတင်းများအဖြစ် ဖော်ပြပေးခြင်းအပြင် ကျန်းမာရေးပညာရှင်များ၏ ဆောင်းပါးများစွာ၊ ကောက်နုတ်ချက်များစွာ ထည့်သွင်းဖော်ပြခြင်း၊ ရုပ်သံလွှင့်တင်ခြင်း တို့ကို သတင်းစာမျက်နှာများနှင့် ဖန်သား ပြင်တို့တွင် ထုတ်လွှင့်ခဲ့၊ ပုံနှိပ်ဖော်ပြခဲ့ကြခြင်း ဖြစ်ပါသည်။

 

ဝေဝေဆာဆာဖြင့်ဖော်ပြ

 

ဇန်နဝါရီလမှသည် ဖေဖော်ဝါရီလကုန် ပိုင်းအထိ ကိုဗစ်-၁၉ ၏ နိုင်ငံတကာဖြစ်စဉ် များ၊ ပြည်တွင်းမြို့နယ်အသီးသီးမှ ပြင်ဆင်ထားရှိမှုများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကြိုတင်အစီအမံများအပြင် ဝန်ကြီးဌာန၏ ပညာပေးရန်ဟူသည့် တာဝန်ဝတ္တရားနှင့်အညီ ဆောင်ရန်၊ ရှောင်ရန်၊ လိုက်နာမှတ်သားရန် စသည့် ကျန်းမာရေးဌာနများမှ ထုတ်ပြန်ချက် များအားလုံးကို ဝေဝေဆာဆာဖြင့် ဖော်ပြတင်ဆက်ခဲ့ကြပါသည်။

 

ရေဒီယိုနှင့် ဖန်သားပြင်ပေါ်က

 

ကိုဗစ်သတင်းများ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ နေ့စဉ်ထုတ်ပြန်လျက်ရှိသည့် ကိုဗစ်-၁၉ ဆိုင်ရာ သတင်းအချက်အလက်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား သတင်းအစီအစဉ်များတွင် ထည့်သွင်းကြေညာပေး နိုင်ခဲ့သည့်အပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နယ်ပယ် အသီးသီးတွင် ကိုဗစ်-၁၉ ကို တိုက်ပွဲဝင် နေကြသူများ တိုက်ရိုက်တွေ့ဆုံမှု အစီအစဉ်များကိုလည်း ထုတ်လွှင့်လျက်ရှိသည်။ ကျန်းမာရေးဆိုင်ရာ ပညာရှင်များ၊ ပြောရေးဆိုခွင့်ရှိသူများနှင့် မကြာခဏ တွေ့ဆုံမေးမြန်း ထုတ်လွှင့်ပေးခြင်း၊ ပေါ်ပေါက်လာသည့် ကောလာဟလ သတင်းမှားများအား ပြန်လည်ဖြေရှင်းပေး ခြင်းတို့ကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ပြည်သူများအတွက် အိမ်မှာနေ ကြရသည့် Stay at Home ကာလအတွင်း အပန်းပြေစေရန်အတွက် လူကြိုက်များသည့် ရုပ်ရှင်ဇာတ်ကားများ ထုတ်လွှင့်ပြသခြင်း၊ ဖျော်ဖြေရေးအစီအစဉ်များ၊ ကျန်းမာရေးအသိပညာပေး အစီအစဉ်များကို ပိုမိုအသားပေးဖော်ပြခြင်းတို့ဖြင့် ကျရရာအခန်းကဏ္ဍကို ပီပြင်စွာ ဖော်ဆောင် လျက်ရှိသည်ကိုလည်း အားလုံးအသိပင် ဖြစ်ပါသည်။

 

လက်ရှိအခြေအနေများကို ပြည်သူများ အချိန်နှင့်တစ်ပြေးညီသိရှိနိုင်ရန် ကြားဖြတ်သတင်းများကို ဖော်ပြတင်ဆက် နေသည့်အပြင် တိုင်းရင်းသားဘာသာ ၁၁ မျိုးဖြင့် ရုပ်သံအစီအစဉ်များ၊ တိုင်းရင်းသား ဘာသာ ၁၇ မျိုးဖြင့် မြန်မာ့အသံရေဒီယို အစီအစဉ်များကို အွန်လိုင်းမီဒီယာများ ဖြစ်သည့် ဝက်ဘ်ဆိုက်၊ ဖေ့စ်ဘွတ် ယူကျူး။ Sound Cloud တို့မှလည်း ကိုဗစ်-၁၉ ရောဂါအတွက် နောက်ဆုံးရအချက်အလက် များ၊ ပညာပေးအစီအစဉ်များကို မပြတ် ဖော်ပြပေးလျက်ရှိသည်။

 

မြို့နယ်အသီးသီးမှ ပြန်ကြားပေးကြသူများ နေ့စဉ်ဖြစ်ပျက်သမျှ မြို့ထဲရွာထဲရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးဆိုင်ရာများ၊ လှူဒါန်းမှုများ၊ ကူညီဆောင်ရွက်ပေးမှုများ၊ စည်းကမ်းမလိုက်နာသူများအား ထိန်းသိမ်းနေမှုများအပြင် ကပ်ရောဂါနှင့် ပတ်သက်သည့် သတင်းအချက်အလက် ပေါင်းများစွာကို ရုပ်သံသတင်းအဖြစ် လည်းကောင်း၊ ပုံနှိပ်သတင်းအဖြစ် လည်းကောင်း အွန်လိုင်းသတင်းအဖြစ် လည်းကောင်း အသွင်မျိုးစုံဖြင့် ဖော်ပြ ပေးနေသူများလည်းရှိပါသည်။ ပြန်ကြား ရေးဝန်ကြီးဌာနအောက်ရှိ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ရုံးခွဲ ပေါင်း ၁၅ ရုံးအပြင် ခရိုင်နှင့် မြို့နယ်ရုံးခွဲ ပေါင်း ၁၇ ရုံးအထိရှိရာ ယင်းရုံးဌာနများ မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသ တိုက်ဖျက်ရေးဆိုင်ရာ သတင်းရေးသား ပေးပို့မှုမှာ နေ့စဉ်အပုဒ်ရေ ၁၅၀ ထက်မနည်း ရှိနေသည်ကိုလည်း မြင်တွေ့ရ သည်။

 

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် သက်ဆိုင်ရာ ဒေသအစိုးရအဖွဲ့ အစည်းများ၊ ဝန်ကြီးဌာနများနှင့်အတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းစဉ်များတွင်လည်း တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်နေ ကြရသကဲ့သို့ နယ်မြေဒေသအသီးသီးရှိ ၎င်းတို့ ရပ်ရွာလှုပ်ရှားမှုများကိုလည်း စဉ်ဆက်မပြတ် သတင်းရေးသားဖော်ပြ ပေးလျက်ရှိသည်။ ထို့ပြင် ရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်းစဉ်များအတွက်လည်း လက်ကမ်းစာစောင်များ ဝေငှခြင်း၊ ကိုယ်တိုင် ကွင်းဆင်းပညာပေးခြင်းအပြင် နံရံကပ်ပိုစတာများ၊ ဆောင်းဘောက်စ်များ၊ လက်ကိုင်စပီကာများအသုံးပြုကာ ထိထိရောက်ရောက် ပညာပေးအစီအစဉ်များတွင် ပါဝင်အားဖြည့်နေကြသူများလည်း ဖြစ်ပါသည်။

 

ကိုဗစ်-၁၉ ရောဂါနှင့် နိုင်ငံပိုင်သတင်းစာများ

 

ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် နောက်ဆုံးရ သတင်းအချက်အလက်များ၊ နိုင်ငံတော်မှ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက် ၍ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေးနှင့် အခြားအခြားသော သိသင့်သိထိုက်သည့် ဆင်ခြင်သတိပြု ဖွယ်ရာများကို သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းအောက်ရှိ ကြေးမုံ၊ မြန်မာ့အလင်း နှင့် ဂလိုဘယ်နယူးလိုက်အော့ဖ်မြန်မာ သတင်းစာကြီးများက ဇန်နဝါရီလဆန်းပိုင်းမှ စတင်ဖော်ပြခဲ့ခြင်းဖြစ်သည်။ ပြည်သူများ အတွက် သတင်းစာခေါင်းကြီး (အယ်ဒီတာ့ အာဘော်)အဖြစ် ကိုဗစ်-၁၉ ရောဂါ ဆင်ခြင် သတိပြုဖွယ်နှင့် ပြည်သူများ သတိပြုလိုက်နာ ဖွယ်ရာများကို ဖြစ်စဉ်အစမှသည် ယနေ့အထိ နေ့စဉ်နီးပါး ရေးသားဖော်ပြပေးနေခြင်း၊ ပညာရှင်များ၏ အတွေးအမြင်များ၊ လုပ်ငန်းဆောင်ရွက်မှုများ၊ အခက်အခဲများနှင့် ပြင်ဆင်ထားရှိမှုများကိုလည်း ဌာန၏သတင်းထောက်များက ကိုယ်တိုင်သွားရောက် တွေ့ဆုံမေးမြန်းကာ ရေးသားဖော်ပြခြင်းများလည်း ပြုလုပ်လျက်ရှိသည်။

 

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းရှိ သတင်းထောက်များ၊ မြို့နယ်အသီးသီးမှ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများရှိ သတင်းထောက်များ၊ အနယ်နယ်အရပ်ရပ်မှ မြို့နယ်သတင်းထောက်များက နေ့စဉ် ရေးသားပေးပို့လာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ တိုက်ဖျက်ရေးစသည့် သတင်းပုဒ်ရေပေါင်းများစွာကို သတင်းစာများအတွင်း ထည့်သွင်းဖော်ပြခြင်း၊ သတင်းစာ တိုက်များ၏ လူမှုကွန်ရက်စာမျက်နှာ၊ ပြန်ကြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်နှင့် လူမှုကွန်ရက်စာမျက်နှာများအပြင် သတင်း နှင့် စာနယ်ဇင်းမှ တာဝန်ယူသတင်းလွှင့်တင် နေသည့် Myanmar Digital News ဒစ်ဂျစ် တယ်သတင်းစာများတွင်လည်း ဆက်တိုက် ဖော်ပြပေးလျက်ရှိသည်။

 

ပြည်သူများအတွက် သတင်းအချက်အလက် ပိုမိုခိုင်မာစေရန် တိကျသည့်သတင်း ထုတ်ပြန်မှုများကို သိရှိနိုင်စေရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် သတင်းအချက်အလက်များကိုလည်း သတင်းစာများအတွင်း မတ်လမှ စတင်၍ အရှိန်အဟုန်မြှင့်ကာ နေ့စဉ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး သတင်းအချက်အလက်နှင့် အသိပညာပေး အစီအစဉ်ကို လေးမျက်နှာ ပုံမှန်ထည့်သွင်း ဖော်ပြပေးလျက်ရှိသည်။ သတင်းသုတေသန မှတ်တမ်းများအရ နေ့စွဲတစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းနှင့် ကုသမှုဆောင်ရွက်ခြင်းဆိုင်ရာ မြို့နယ်သတင်းပေါင်း အပုဒ်ရေ ၇၀ မှ ၁၀၀ အကြား ထည့်သွင်း ဖော်ပြနိုင်ခဲ့သည်ကို မြင်တွေ့ရပါသည်။ ထို့ပြင် တိုင်းရင်းသားဘာသာဖြင့် ထုတ်ဝေသည့် သတင်းစာမျက်နှာများတွင်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးဆိုင်ရာ ပညာပေးအစီအစဉ်များကို ထည့်သွင်းခြင်းဖြင့် တတ်စွမ်းသမျှ ပြန်ကြားပေးလျက်ရှိသည်။

 

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ သည် ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတို့ကို စိတ်ဒုက္ခဖြစ်စေ လျက် လူသားတို့၏ အကျိုးစီးပွားကို ခြိမ်းခြောက်လျက်ရှိသည်။ နိုင်ငံအသီးသီးမှ ခေါင်းဆောင်များသည် နိုင်ငံသားများ၏ အကျိုးအတွက် ရှုထောင့်ပေါင်းစုံမှ အဖြေရှာကာ ကိုဗစ်-၁၉ ရောဂါကို တွန်းလှန်နေ ကြသည်။ မြန်မာနိုင်ငံတွင်လည်း သံသယရှိသူ စောင့်ကြည့်လူနာများအဖြစ် ထားရှိခြင်း၊ ကျန်းမာနေသူများအား ရောဂါကူးစက်မှု မရှိစေရေးအတွက် ကျန်းမာရေးဆိုင်ရာ အကြံပေးချက်များ ထုတ်ပြန်ခြင်း၊ ကာကွယ် ခြင်းတို့ကို အင်တိုက်အားတိုက် ဆောင်ရွက်နေသကဲ့သို့ ရောဂါဝဒေနာခံစားရသူများကို လည်း ပျောက်ကင်းသက်သာအောင် ကျန်းမာရေးဝန်ထမ်းများက ကူညီစောင့်ရှောက်ပေး လျက်ရှိပါသည်။

 

ကိုဗစ်-၁၉ ရောဂါသည် သာမန် မျက်စိဖြင့် မမြင်နိုင်၊ မသိနိုင်။ သို့သော် သူ၏တိုက်ခိုက်မှုကား ပြင်းထန်လွန်းလှ သည်။ ဝန်ကြီးဌာနအသီးသီးမှ ပြည်သူ့ ဝန်ထမ်းများကလည်း စီးပွားရေး၊ လူမှုရေး၊ အလုပ်သမားအရေး၊ ကူညီကယ်ဆယ်ရေး စသည်ဖြင့် တာဝန်ကိုယ်စီထမ်းကာ ပြည်သူ့အတွက် မမြင်တွေ့ရသည့် ကိုဗစ်၁၉ ရောဂါ တိုက်ဖျက်ရေးတွင် ပါဝင်ဆောင်ရွက်နေကြသည်။ ထို့အတူ ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ အားလုံးသည်လည်း မမြင်နိုင်၊ မတွေ့နိုင်ဘဲ အန္တရာယ်ကြီးသည့် ဗိုင်းရပ်စ်ပိုးမှ ဖြစ်သော ကိုဗစ်-၁၉ ရောဂါကို တိုက် ဖျက်ရာတွင် နိုင်ငံအတွက်၊ ပြည်သူအတွက် တစ်ထောင့်တစ်နေရာမှသည် တတ်စွမ်း သမျှ ပါဝင်တိုက်ပွဲဆင်လျက်ရှိနေပါကြောင်း။ ။

 

ခင်ရတနာ