မြန်ဆန်တိကျစွာ စစ်ဆေးနိုင်သည့် ကိုဗစ်-၁၉ စမ်းသပ်ကိရိယာ သန်း၁၂၀ WHO  ဖြန့်ဝေ

၂၉ စက်တင်ဘာ

 

 

ကိုရိုနာဗိုင်းရပ်စ်  (ရှိ မရှိ ) ကို အမြန်ဆုံး စစ်ဆေးပေးနိုင်သည့် စမ်းသပ်ကိရိယာ သန်း ၁၂၀ ကို ဝင်ငွေနိမ့်ကျသည့် နိုင်ငံများနှင့် ဝင်ငွေ အလယ်အလတ်ရှိသည့် နိုင်ငံများသို့ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း WHO က ပြောကြားခဲ့သည်။

 

 

ဂျနီဗာမြို့၌ တနင်္လာနေ့က ပြုလုပ်သည့် အစည်းအဝေးပွဲ၌ WHO နှင့် မိတ်ဖက် အဖွဲ့အစည်းများသည် စမ်းသပ်မှုများပြုလုပ်ရန် သဘောတူညီမှု တစ်ခုပြုလုပ်ခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ တက်ဒ့်စ်ဒရော့အာနန်က ပြောကြားခဲ့သည်။

 

 

သုံးစွဲရ လွယ်ကူသည့် အဆိုပါ စမ်းသပ်ကိရိယာကို အမေရိကန်နှင့် တောင်ကိုရီးယားတို့၌ စမ်းသပ်မှု နှစ်မျိုးပြုလုပ်ရာတွင် ငါးဒေါ်လာသာ ကျသည်ဟု ဆိုသည်။

 

 

၁၅ မိနစ်မှ မိနစ် ၃၀ အတွင်း တိကျသေချာပြီး ယုံကြည်စိတ်ချရသည့် အဖြေများကို  အဆိုပါ စမ်းသပ် ကိရိယာမှ ဖော်ထုတ်ပေးနိုင်သည်ဟု ဆိုသည်။ 

 

 

အဆိုပါ စမ်းသပ်ကိရိယာကို အသုံးပြုခြင်းဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါကို မြန်မြန်ဆန်ဆန် ရှာဖွေတွေ့ရှိနိုင်ပြီး ရောဂါပိုးရှိနေသူများကို သီးခြားထား ကုသနိုင်မည်ဖြစ်ပြီး ၎င်းတို့နှင့်ထိတွေ့ခဲ့သည့် အဆက်အသွယ် ရှိသူများကိုလည်း မြန်မြန်ဆန်ဆန်နှင့်ရှာဖွေဖော်ထုတ် ကုသနိုင်မည်ဖြစ်ကြောင်း တက်ဒ့်စ်ဒရော့က ပြောကြားခဲ့သည်။

 

 

အဆိုပါ စမ်းသပ်ကိရိယာကို အောက်တိုဘာလမှစပြီး ဝင်ငွေနိမ့်ကျသည့် နိုင်ငံများနှင့် ဝင်ငွေ အလယ်အလတ်ရှိသည့် နိုင်ငံပေါင်း ၁၃၃ နိုင်ငံ အပါအဝင် တစ်ကမ္ဘာလုံးကို WHO မှ  ဖြန့်ဝေသွားမည် ဖြစ်သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်