မှန်းဆဝေသီ အိုင်အာဆရာကန်တော့ပွဲဆီသို့

သိန်းထွန်း(IR)

 

 

တစ်ချိန်တုန်းဆီက အညာဒေသ၏ ဆောင်းသည် အေးမြမြ၊ ကြည်လင်အေးမြလှသည့်ရာသီတွင် နံနက်စောစော တစ်ကိုယ်တည်း လမ်းလျှောက်ရသည်မှာ ကိုယ်စိတ်ရွှင်လန်းရသလို စိတ်ကူးတို့သည်လည်း လွတ်လပ်စွာ စီးမျောနိုင်၏။ ဆောင်းရာသီ လတ်ဆတ်သည့် လေအေးတို့သည် နှလုံးသားကို လန်းဆန်းစေသည်။ မန်းတက္ကသိုလ်၏ နံနက်စောစောသည် ဆိတ်ငြိမ်အေးဆေးစွာ။ လမ်းလျှောက်ရင်း တိုင်လုံးကြီးများဖြင့် ခံ့ညားလှသည့် မန်းတက္ကသိုလ် ပင်မအဆောက်အဦကြီးကို ဣနြေသိက္ခာကြီးမားစွာ မြင်ရသည့်အခါ လွမ်းမိသည်။ တစ်ချိန်တစ်ခါက အတိတ်ကိုလွမ်းမိပါ၏။ လွမ်းမောဖွယ် အတိတ်တို့ သည် စိတ်ရေယဉ်ကြော လူးလွန့်လာသည်။ ပြောင်းလဲခြင်းသဘာဝတရားများတွင်မှ မပြောင်းလဲနိုင်သည့် သဘာဝလွန်အရာ တစ်ခုဟု မှတ်ထင်စရာ။ တက္ကသိုလ်ကြီးကတော့ မပြောင်းမလဲ။ ပြောင်းလဲနေသည်မှာ မိမိတို့သာ ဖြစ်ပါ၏။

 

တစ်ခါတုန်းက တက္ကသိုလ်ဆိုပေမယ့် ရင်ထဲမှာတော့ တစ်ဘဝလုံးအတွက် တက္ကသိုလ်ဖြစ်နေသည်မှာ ကိုယ်တိုင်သာ အသိဆုံး။ ဤကျောင်းတော်၊ ဤဌာန၊ ဤဆရာများ၏ မေတ္တာ၊ စေတနာတို့မှာ အနန္တ။ ဆရာကို ပါဠိလိုအားဖြင့် “အာစရိယ” ဟု ခေါ်ဆိုပြီး “သိဿာနံ ဟိတံ အာစရတီတီ အာစရိယော” ဟု ဝိဂြိုဟ်ထားကာ အဓိပ္ပာယ်မှာ “ဆရာဆိုသည် တပည့်တို့၏ အကျိုးစီးပွားကို တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောင်ပေးသူ” ဟု မှတ်သားဖူးပါသည်။ ထိုထိုသော ဆရာတို့၏ အနန္တမေတ္တာတို့အတွက် ဒီဇင်ဘာလတွင်ကျင်းပသည့် အိုင်အာဌာန ဆရာကန်တော့ပွဲသို့ တစ်နှစ်မှတစ်ခေါက် ယနေ့ ဤကျောင်းတော်ကြီးထံ ပြန်ရောက် လာကြရပြန်ပေပြီ။ အမိရင်ခွင် ရောက်ပြန်တော့လည်း ပီဘိကလေးငယ်များပမာ စိတ်ရောကိုယ်ပါ နုပျိုသကဲ့သို့ ခံစားရသည်။ ပျော်ရွှင်ရသည်။ ကြည်နူးကြရပါ၏။

 

အတိတ်တို့သည် ပစ္စုပ္ပန်သို့ ပြည်လည်ရောက်ရှိလာ သကဲ့သို့ အရာရာသည် အချိန်ကာလယန္တရား၏ဘောင်ကို ကျော်လွန် လာသည်။ လွန်ခဲ့သော ဆယ်စုနှစ်များဆီက တစ်နှစ်ဖြစ်သည့် ၁၉၈၄ ခုနှစ်ဆီက။ ယခုလို မြူနှင်းလွလွ အေးမြမြဆောင်းရာသီ ဒီဇင်ဘာလတွင်။

 

အိုင်အာဌာနအစ

မန်းရတနာပုံမှ မန္တလာတက္ကသိုလ် ဤကျောင်းတော်ကြီးတွင် နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံတကာ အုပ်ချုပ်ရေးဘာသာ ရပ်ကို ၁၉၈၄ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်ခဲ့သည်။ နောက်ပိုင်း နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်ဟု အမည်ပြောင်း လဲခဲ့၏။ ယခုဆိုလျှင် နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်ဖွင့်လှစ်သင်ကြားပေး နေသည်မှာ နှစ်ပေါင်း ၃၅ နှစ် ရှိလေပြီ။

 

စတင်ဖွင့်ချိန်က ရန်ကုန်တက္ကသိုလ်တွင် ကျောင်းသားဦးရေ ၁၀၀ နှင့် မန္တလေးတက္ကသိုလ်တွင် ကျောင်းသားဦးရေ ၁၀ဝ လက်ခံဖွင့်လှစ်ခဲ့သည်။ ထိုအချိန်က အိုင်အာကျောင်းသားများ ဝင်ခွင့်လက်ခံရာတွင် တက္ကသိုလ်ဝင်ခွင့် အမှတ်သာမက လူတွေ့စစ်ဆေးခံရသည်။ စိတ်ပညာဖြေဆိုရသည်။ ယခုအခါ မြန်မာပြည်အနှံ့ရှိ တက္ကသိုလ် ခုနစ်ခုတွင် အိုင်အာဘာသာရပ် ဖွင့်လှစ် သင်ကြားပေးနေပြီ။ အိုင်အာဘာသာရပ်ကို မြန်မာနိုင်ငံတွင် ယခင်က နှစ်ကြိမ်ဖွင့်လှစ်ခဲ့ဖူးကြောင်း ဆရာကြီး ဦးမောင်မောင်လေး၏ အိုင်အာနှင့် မြန်မာ့တက္ကသိုလ်ပညာ ဆောင်းပါးအား ဖတ်ရှုမှတ်သား သိရှိရပါသည်။

 

၁၉၅၅ ခုနှစ်တွင်တစ်ကြိမ်နှင့် ၁၉၅၉ ခုနှစ်တွင် တစ်ကြိမ် ဖွင့်လှစ်ခဲ့ဖူးကြောင်း သိရသည်။ ထိုမှတစ်ဆင့် ၁၉၈၄ ခုနှစ်တွင်မှ အိုင်အာဘာသာရပ်ကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် အိုင်အာပါရဂူဘွဲ့ (Ph.D)အထိ ပေးအပ်နိုင်ခဲ့သည်။ နိုင်ငံ့အတွက် အနာဂတ်မျိုးဆက်သစ်များကို မွေးထုတ်ပေးနိုင်သည့်အတွက် ဝမ်းသာရပါ၏။ နိုင်ငံအတွက် လိုအပ်သော လူသားရင်းမြစ်များ မွေးထုတ်ပေးနိုင်ခြင်းသည်ပင် နိုင်ငံ၏ အနာဂတ်လှပရေးအတွက် အလားအလာကောင်းဟု ယုံကြည်မိ ပါသည်။

 

မိမိတို့တက္ကသိုလ်စတက်ချိန်က ဆရာကြီး ဒေါက်တာ ခင်မောင်ညွန့်အပါအဝင် ဆရာကြီး ဆရာမကြီးများက တပည့်များကို မျှော်လင့်ချက်ကြီးစွာ လေ့ကျင့်သင်ကြားပေးခဲ့သည်ကို အမှတ်ရမိသည်။ ဆရာများက အိုင်အာ ကျောင်းသားတွေဆိုတာ နောင်တစ်ချိန်မှာ ကိုယ့်နိုင်ငံကို ကိုယ်စားပြုပြီး နိုင်ငံတကာနဲ့ ဆက်သွယ်ဆောင်ရွက်ကြရမှာ၊ ဒါကြောင့် အင်္ဂလိပ်စာ ကောင်းရမယ်ဟုဆိုကာ သင်ပေးခဲ့ကြသည်။

 

seminar များ ကျင်းပပေးသည်။ နိုင်ငံတကာ အတွေ့အကြုံရစေရန်ဆိုကာ လေ့လာရေးခရီးကိုပင် ထိုအချိန်က ဟိုတယ်နှင့် ခရီးဝန်ကြီးဌာက Tourist Burma ကားဖြင့် ပို့ပေးသည်။ အဆင့်မြင့်ဟိုတယ်မှာ တည်းရန်စီစဉ်ပေးသည်။ ပုဂံဘုရားဖူး ခရီးစဉ်တစ်လျှောက် လေ့လာရေးကို အင်္ဂလိပ် လိုသာ ရှင်းပြသည်။ နိုင်ငံခြားအစားအသောက် စားတတ်ရန်အတွက် ဇွန်း၊ ခက်ရင်း ကိုင်ပုံကိုင်နည်းမှအစ သင်ပေးခဲ့သည်ကို ပြန်လည်တွေးမိသည့်အခါ တပည့်များအပေါ်ထားရှိသည့် ဆရာကြီး ဆရာမကြီးတို့၏ စေတနာနှင့်မျှော်မှန်းချက်မှာ အတိုင်းမသိပင်။ ထိုအတွက်ဆရာကြီး ဆရာမကြီးတို့ကို အချိန်တိုင်း လေးစားမြတ်နိုး တန်ဖိုးထားရပါ၏။

 

ထိုအချိန်က ဆရာကြီးများဖြစ်သော ဆရာကြီး ဒေါက်တာခင်မောင်ညွန့်၊ ဆရာကြီး ဦးအောင်ဝင်း၊ ဆရာကြီး ဦးမောင်မောင် လေး၊ ဆရာကြီး ချစ်ခင်၊ ဆရာကြီး အက်စ်ဇာပန်း၊ ဆရာမကြီးများတွင် ဆရာမကြီး ဒေါ်မြမြ၊ (ဆရာမကြီး ဒေါ်စောခင်ကြီး၊ ဆရာမကြီး ဒေါ်ခင်ငြိမ်းတို့ကို သက်ရှည်ကျန်းမာစွာ တွေ့ရသည်။ ဆရာကြီး ဆရာမကြီးများကို သက်ရှည်ကျန်းမာစွာ မြင်တွေ့ရသည့်အခါ များစွာဝမ်းသာကြည်းနူးရပါ၏။

 

ဆရာကြီး ဆရာမကြီးများ ကျန်းမာချမ်းသာပါစေ ကြောင်းလည်း ဆုတောင်းရပါသည်။ ကွယ်လွန်သွားကြ သည့် ဆရာမကြီး ဒေါ်လှကြည်၊ ဆရာမကြီး ဒေါ်ခင်ထွေးရီ၊ ဆရာကြီး ဦးတင်မောင်ဌေးနှင့် ဆရာကြီး ဦးအောင်မြင်၊ ဆရာမကြီး ဒေါ်မြင့်မြင်ခင်တို့အတွက်လည်း ဝမ်းနည်း ကြေကွဲကြရ၏။ တပည့်များအတွက် အစားထိုးမရသည့် ဆုံးရှုံးမှုများပင် ဖြစ်သည်။ ထိုဆရာကြီး ဆရာမကြီးများမှာ မန္တလေးတက္ကသိုလ် အိုင်အာဌာနကို စတင်ထူထောင်ခဲ့သူများ၊ ပဲ့ကိုင်ရှင်များပင် ဖြစ်သည်။

 

နှစ်စဉ်ဆရာကန်တော့ပွဲ

ယခုအခါ မန်းတက္ကသိုလ် အိုင်အာဌာန၏ရင်ခွင်မှ ထွက်ခွာခဲ့ကြသော သားသမီးတို့သည် မြန်မာပြည်အနှံ့၊ ကမ္ဘာအနှံ့၊ လုပ်ငန်းအသီးသီး၊ တာဝန်အသီးသီးဖြင့် ခြေဆန့် နေကြလေပြီ။ အမိဌာနကြီးကတော့ မျိုးဆက်သစ် သားငယ်သမီးငယ်များကို ပြုစုပျိုးထောင် မြေတောင်မြှောက်နေဆဲပင်။ တစ်ခါတစ်ရံတော့ မိခင်ကြီးသည် တစ်ချိန်တစ်ခါက သားသမီးများကို မျှော်ရှာ ပေလိမ့်မည်။ လွမ်းရှာပေလိမ့်မည်။ ပူပန်ရှာပေလိမ့်မည်။ မိခင်၏မေတ္တာကို  ကိုယ်ချင်းစာကြည့်မိတော့ ကိုယ်ကိုယ်တိုင် ခံစားရပါ၏။ မိမိကိုယ်တိုင်သည်ပင် မိခင်ကြီး၏ရင်ခွင် ခိုဝင်ခဲ့ဖူး သည်ပဲလေ။

 

အိုင်အာဘာသာရပ် စတင်ဖွင့်လှစ်စဉ်က တက်ရောက်ခဲ့ကြသော ကျောင်းသားများသည် ယခုအခါ အိုင်အာဌာနကို ဆက်လက်တာဝန်ယူနေကြပြီ ဖြစ်သည်။ ပခုံးပြောင်း လက်ဆင့်ကမ်း တာဝန်ယူကြသည်မှာ သမိုင်းပေးတာဝန်ဟုလည်း ဆိုနိုင်ပါ၏။ နိုင်ငံ၏နယ်ပယ်ကဏ္ဍ အသီးသီးတွင် ရောက်ရှိ တာဝန်ထမ်းဆောင်နေကြသည့် အိုင်အာကျောင်းသားများကို မြင်တွေ့ရသည့်အခါ နိုင်ငံ့တာဝန် ထမ်းဆောင်နိုင်တဲ့ နိုင်ငံ့သားကောင်း သမီးကောင်းများ ဖြစ်ကြပါစေဆိုသည့် ဆရာကြီး ဒေါက်တာခင်မောင်ညွန့်၏ ဆုတောင်းစကားကို ပြန်လည်ကြားယောင်မိသည်။ ဆရာကြီး ဒေါက်တာခင်မောင်ညွန့်အပါအဝင် ဆရာကြီး ဆရာမကြီးများ ထုဆစ်ပုံဖော်ခဲ့သော လက်ရာတို့သည် ယခုအခါ သက်ဝင်လှုပ်ရှားနေကြလေပြီ။

 

ဒီဇင်ဘာလရောက်တိုင်း မန္တလေးတက္ကသိုလ် အိုင်အာဌာနက ဦးစီး၍ ဆရာကန်တော့ပွဲကျင်းပလာသည်မှာ နှစ်စဉ် နှစ်တိုင်း မပျက်မကွက်ခဲ့ကြ။ ဦးစီးကျင်းပခဲ့သောသူများကို အထူးလေးစားရသည်။ လူအား၊ ငွေအား၊ စိတ်အား၊ အချိန်တို့ ရင်းနှီးရသည်။ ဆရာကန်တော့ပွဲနှင့် ပတ်သက်၍ မှတ်သားဖူးပါသည်။ ပညာအရာတွင် ဧတဒဂ်ဘွဲ့ထူး ဆွတ်ခူးတော်မူခဲ့သည့် အရှင်သာရိ ပုတ္တရာ၏ ဆရာအပေါ် လေးစားမြတ်နိုးမှုမှာ အတုယူစရာပါ။ အရှင်သာရိ ပုတ္တရာလောင်း ဥပတိဿသည် ပဉ္စဝဂ္ဂီငါးဦးတွင် တစ်ပါး အပါအဝင်ဖြစ်သည့် အရှင်အဿဇိထံမှ ယေဓမ္မာ ဟေတုပ္ပ ဘဝါ စသောဂါထာကို ကြားနာလိုက်ရသဖြင့် သောတာပန် တည်ခဲ့၏။ ထို့ကြောင့် အရှင်သာရိပုတ္တရာသည် အရှင်အဿဇိ ရဟန္တာအရှင်မြတ်အား ဆရာတစ်ဆူအဖြစ် အလေးအမြတ် ထားကာ ကျိန်းစက်သည့်အခါတွင်လည်း အရှင်အဿဇိမထေရ်ရှိရာအရပ် ဦးခေါင်းထားကာ ကျိန်းစက်လေ့ရှိ၏ဟု မှတ်သား ခဲ့ရပါသည်။

 

ယခုကဲ့သို့ ဆရာကန်တော့ပွဲတွင် ဆရာများကန်တော့ ရသည်မှာ စိတ်ချမ်းမြေ့မှုအရှိဆုံး အချိန်ပင်ဖြစ်သည်။ ဆရာကြီး ဆရာမကြီးများ၏ ရင်တွင်းစကားသံများ၊ ဆုတောင်းစကားများ၊ ဆုံးမစကားများသည် တပည့်များ အတွက် ခွန်အားတွေပင် မဟုတ်ပါလား။

 

ဆရာကန်တော့ပွဲတွင် ဆရာကြီး ဆရာမကြီးများ၏ ဆရာ့ဂုဏ်၊ ပညာ့ဂုဏ်တို့အတွက် ဦးနှိမ်ကန်တော့ရသည် သာမက မျိုးဆက်ဟောင်းနှင့် မျိုးဆက်သစ်များအကြား ပညာများ၊ အတွေ့အကြုံများ၊ သင်ခန်းစာများကိုလည်း မျှဝေနိုင်ကြသည်။ ပညာဆိုသည်မှာ ကျောင်းစာသင်ခန်းမအတွင်းသာ သင်ယူရ၊ ရှာဖွေရ၊ လေ့လာရသည့် အခြေအနေ မဟုတ်တော့။

 

တစ်နည်းအားဖြင့် formal education ဆိုသည့် ကျောင်းတွင်းပညာရေးသာမက informali non- informal ဆိုသည့် ကျောင်းပြင်ပ ပညာရေးများကိုလည်း ဆက်လက်လေ့လာဆည်းပူးကြရန် လိုအပ်နေပါသည်။ သို့မှသာ တစ်သက်တာ ဆည်းပူးလေ့လာခြင်း၊ စဉ်ဆက်မပြတ် ပညာသင်ယူခြင်း ရရှိနိုင်မည်မဟုတ်ပါလား။

 

အသုံးချပညာရေး

တက္ကသိုလ်ဆိုသည်မှာ အတွေးအခေါ်တို့ ပေါက်ဖွားရာ၊ တီထွင်ဆန်းသစ်မှုတို့ မွေးဖွားရာဘူမိနက်သန် ဖြစ်ပေသည်။ အမိဌာနကြီးက ပညာသင်ကြားပေးရသည့် ရည်ရွယ်ချက်၊ ဆရာကြီး ဆရာမကြီးတို့၏ ပညာသင်ကြားပေးခဲ့ခြင်း ရည်ရွယ်ချက်၊ မိမိတို့ကိုယ်တိုင်၏ ပညာဆည်းပူးရခြင်း ရည်ရွယ်ချက်များ ထပ်တူကျ၊ မကျ ဆန်းစစ်ကြည့်မိသည်။

 

ထိုအခါ နှင်းမြူလွလွမန္တလာဆောင်း၏ အေးမြမှုတွင် မိမိ၏အတွေးများကတော့ မအေးမြနိုင်။ အတွေးများက နှင်းမြူမှုန်များ နှင့်အတူ ဝေဝါးလှသည်။ တက္ကသိုလ်မြေသို့ ပြန်လည်ခြေချမိချိန်တွင် တက္ကသိုလ်တက်ရသည့် ရည်ရွယ်ချက်၊ တက္ကသိုလ် တက်ရသည့်တန်ဖိုး၊ ပညာ၏ရည်ရွယ်ချက်၊ ပညာ၏တန်ဖိုးတို့ကို စဉ်းစားနေမိသည်။ ပညာသင်ကြားခြင်းနှင့် ပညာအသုံးချခြင်း ကွာခြားချက်မည်သို့နည်း။ ပညာသင်ကြားသူအဖြစ်မှ ပညာကိုအသုံးချနိုင်သူဖြစ်မှလည်း ပညာ၏ တန်ဖိုးရရှိမည်ဟု ယုံကြည်မိပါသည်။

 

တက္ကသိုလ်တွင် ဆရာကြီး ဆရာမကြီးများထံမှ ပညာသင်နှစ်ကာလများအတွင်း ပညာသင်ယူခဲ့ရ၊ ဆည်းပူးခဲ့ရသည့် ပညာများ ကို ပြန်လည်အသုံးချနိုင်ခွင့်များရရှိရန် မျှော်မှန်းမိသည်မှာ အိုင်အာကျောင်းသားဟောင်း တစ်ယောက်၏ မျှော်မှန်းချက်ဖြစ် သည်သာမက ယခု တက်ရောက်နေဆဲ ကျောင်းသား ကျောင်းသူများနှင့် နောင်တက်ရောက်ကြမည့် ကျောင်းသား ကျောင်းသူများအတွက်လည်း ဖြစ်ပါသည်။

 

ဆရာကြီး ဒေါက်တာခင်မောင်ညွန့်က လူငယ်များ ရေကြည်ရာမြက်နုရာ နိုင်ငံရပ်ခြားထွက်ခွာသည်ကို နားလည်ပါသည်။ ထို့အတူ ကိုယ့်နိုင်ငံတွင်းမှာလည်း ရေကြည်ရာမြက်နုရာ ဖန်တီးကြဖို့ လိုအပ်ကြောင်း မှာကြားခဲ့ဖူးသည်ကို မှတ်သားမိနေပါ၏။ ကမ္ဘာကြီးနှင့် ရင်ပေါင်တန်းနိုင်ရန်ဆိုပါက ပညာရှင်များ၊ ကျွမ်းကျင်သူများ ကဏ္ဍတိုင်းတွင် များစွာလိုအပ်နေဆဲ ဖြစ်ပါသည်။ တက္ကသိုလ်များက မွေးထုတ်ပေးလိုက်သည့် နိုင်ငံတွင်းရှိ လူသားရင်းမြစ်များကို နေရာပေးအသုံးချရန် လိုအပ်သကဲ့သို့ နိုင်ငံအနှံ့ အပြားသို့ ဦးနှောက်ယိုစီးသွားသည့် ပညာရှင်များ၊ ကျွမ်းကျင်သူများအတွက် ဝန်းကျင်ကောင်းများ ဖန်တီးပေးရန်လည်း လိုအပ်မည်ဟု ခံစားမိပါသည်။

 

စက်မှုတော်လှန်ရေး ၄.ဝ သို့ ကူးပြောင်းရေး ကမ္ဘာ့ နိုင်ငံအားလုံးက ကြိုးစားနေချိန်တွင် ကျွမ်းကျင်အသိ ပညာရှင်၊ အတတ်ပညာရှင်များနှင့် နည်းပညာများသည် အခြေခံလိုအပ်ချက်တစ်ရပ် ဖြစ်လာနေပါသည်။ လူသားရင်းမြစ်များ မွေးထုတ်ခြင်းနှင့်အတူ အသုံးချနိုင်စွမ်း လည်းရှိရန် လိုအပ်ပေလိမ့်မည်။ သဘာဝတရားဖြစ်စဉ်တွင် ပုရွက်ဆိတ်ဆိုသည့် သတ္တဝါငယ်လေးသည်ပင် သူ့နေရာနှင့်သူ အရေးပါပါ၏။ မည်သူ၊ မည်သည့်အရာ မည်မျှအရေးကြီးသည်၊ အရေးပါသည် ဆိုသည်မှာ ထိုအရာ များအပေါ် မည်မျှအထိ အလေးထားသည်။ အသုံးချနိုင်သည်ဆိုသည်က ယင်း၏တန်ဖိုးပင် မဟုတ်ပါလား။

 

ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ ဗလငါးတန်နှင့် ပြည့်စုံပြီး ပညာပြည့်ဝနှလုံးလှသော နိုင်ငံ့သားကောင်းများကို မွေးထုတ်ပေးရန်နှင့် ပညာ၏အနှစ်သာရဖြစ်သော စဉ်းစားတွေးခေါ်မှု၊ တီထွင်ဖန်တီးမှု၊ ကျင့်ဝတ်လိုက်နာမှု များရှိသော လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးရန် ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုများ အကောင်အထည်ဖော်လျက် ရှိနေပါသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် ပညာရေးတွင် ပိုမိုရင်းနှီးမြှုပ်နှံလာခြင်းလည်း ဖြစ်ပါသည်။ ပညာရေးတွင် ရင်းနှီးမြှုပ်နှံ သော်လည်း တက္ကသိုလ်မှ ဘွဲ့ရသည်နှင့် ပညာသင်ကြားမှု ရပ်ဆိုင်းသွားခြင်း၊ သင်ကြားခဲ့ရသည့်ပညာအား အသုံးချခွင့်၊ အသုံးချရန် နေရာ၊ အသုံးချမည့်သူ မရှိခြင်းသည် အားလုံးအတွက် ဆုံးရှုံးမှုဟု ဆိုရပါလိမ့်မည်။ တစ်ချိန်တစ်ခါက တက္ကသိုလ် နယ်မြေတွင် မျှော်မှန်းချက်၊ ရည်ရွယ်ချက်ကြီးမားစွာ သင်ကြားခဲ့ရသော ပညာများကို ပြန်လည်အသုံးချခွင့် ရရှိရန်မှာ ကျောင်းသားတိုင်းလိုလို၏ ဆန္ဒဖြစ်ပါသည်။ ဆန္ဒအားလုံးပြည့်ဝစေလိုလှပါ၏။

 

ဆောင်းနှင်းမြူများအောက်ဝယ်

မမေ့အပ်သော ဤကျောင်းတော်ကြီး၊ ဦးထိပ်ထား ရပါသော ဤဌာန၊ ဤဆရာများ၊ ချစ်လှစွာသော ဤသူငယ်ချင်းများအတွက် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဆိုသည့် ကာလနယ်ပယ်တို့ အတားအဆီးမဲ့သည်ကို မသိစိတ်တွင် စွဲနေပါ၏။ လွမ်းမောဖွယ်ဘဝ များအတွက် အထူးပင်ဝမ်းသာရ၊ ကြည်နူးနေရဆဲပင်။

 

ကျောင်းဝင်းအတွင်း လမ်းလျှောက်လာရင်း ကျောင်းကြီး၏ အဆောက်အဦအချို့ ပြောင်းလဲနေသည် များကိုတွေ့ရသလို မပြောင်းလဲသော အရာတို့ကိုလည်း တွေ့ရသည်။ ဤတက္ကသိုလ်ကြီးတွင် မိမိတို့တစ်တွေ ခြေရာချင်းထပ်ခဲ့ကြ၊ ပျော်ခဲ့ကြသည်။ ပညာဆည်းပူးခဲ့ကြသည်။ ရင်းနှီးခဲ့ကြပါ၏။ ဘဝအတွေ့အကြုံများ ရခဲ့ကြပါ၏။ ရုပ်တရားတို့ ပြောင်းလဲနေသော်လည်း ရင်တွင်း ခံစားချက်တို့ကတော့ လွန်ခဲ့သည့် နှစ် ၃၀ ကျော်ကလိုပင် နုပျိုဆဲ၊ လန်းဆန်းနေဆဲ။ ကျောင်းသား ကျောင်းသူ အားလုံးတို့လည်း မိမိလိုပင် ခံစားကြရပေလိမ့်မည်။ အိုင်အာဌာနရှေ့ရောက်သည့်အခါ အိုင်အာဌာနကြီးသည် မျှော်တော် ဇောဖြင့်မောနေရသည့် မိခင် တစ်ဦးပမာ။ မိခင်ဌာနကြီးအား ခပ်လှမ်းလှမ်းမှ ခေတ္တမျှ ခပ်မဆိတ်ကြည့်နေမိသည်။ ကြည့်နေရင်း ရင်တွင်း မှာတော့ ဖော်ပြရန်ခက်ခဲလွန်းသည့်ခံစားချက်အပြည့်နှင့် ငေးငိုင်နေမိ၏။

 

မိခင်ဌာနကြီးနှင့် ဆရာကြီး ဆရာမကြီးများကတော့ နိုင်ငံ့အပေါ်၊ ဌာနအပေါ်၊ တပည့်များအပေါ် တာဝန်ကျေပွန်ခဲ့လေပြီ။ ယနေ့ထက်တိုင်လည်း တာဝန်ကျေပွန်နေဆဲပင်။ ထိုသို့ဆိုပါလျှင် မိမိတို့ကရော... အဘယ်သို့ ဆိုကြမည်နည်း။ အမေး လွယ်သလောက် အဖြေမလွယ်လှ။

 

ဒီဇင်ဘာ ဆောင်းရာသီ၏ နှင်းမြူများမှာ အိုင်အာဌာနရှေ့တွင် မှိုင်းဝေလျက်။    ။