နယူးကာဆယ်အသင်းနဲ့ မန်စီးတီးအသင်းတို့ မတ် ၈ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်မှာ မန်စီးတီးအသင်းက နယူးကာဆယ်အသင်းကို သုံးဂိုး-တစ်ဂိုး ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

အဲဒီပွဲစဉ်မှာ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ နယူးကာဆယ်အသင်းက ပထမပိုင်းပွဲကစားချိန် ၁၈ မိနစ်မှာ ဟာဗေးဘားနက်စ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ဂိုးစတင်ရရှိခဲ့ပေမယ့် မန်စီးတီးအသင်းက ပထမပိုင်း ပွဲကစားချိန် ၃၉ မိနစ်မှာ ဆာဗင်ဟိုရဲ့ သွင်းဂိုး တစ်ဂိုး၊ ၄၇ မိနစ်နဲ့ ၆၅ မိနစ်တို့မှာ အိုမာမာ မောက်ရှ်ရဲ့ သွင်းဂိုး နှစ်ဂိုးတို့ရရှိခဲ့လို့ နယူးကာဆယ်အသင်းကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ယခုပွဲစဉ်မှာ မန်စီးတီးအသင်းအတွက် သွင်းဂိုး နှစ်ဂိုး သွင်းယူပေးခဲ့တဲ့ အိုမာမာမောက်ရှ်ဟာ အခုရာသီအတွင်း မန်စီးတီးအသင်းနဲ့အတူ သွင်းဂိုး ခြောက်ဂိုးအထိရှိလာခဲ့ပြီလည်း ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ   နယူးကာဆယ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။

မန်စီးတီးအသင်းအနေနဲ့ အခုလို အက်ဖ်အေဖလား  ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ခြင်းဟာ နည်းပြဂွါဒီယိုလာ လက်ထက်မှာ ဘောလုံးရာသီ   ရှစ်ရာသီဆက်တိုက် အက်ဖ်အေဖလား   ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ  အက်ဖ်အေဖလားပြိုင်ပွဲအပြင် ချန်ပီယံလိဂ်ပြိုင်ပွဲလည်း ကစားရဖို့ရှိနေပေမယ့် ပရီမီယာလိဂ်ပြိုင်ပွဲမှာတော့ အမှတ်ပေးဇယားထိပ်က အာဆင်နယ်အသင်း နဲ့ ခုနစ်မှတ်အကွာ အဆင့်(၂) ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ မတ် ၈ ရက် ညပိုင်း ယှဉ်ပြိုင်ကစားခဲ့တဲ့  အခြားသော အက်ဖ်အေဖလား  ပွဲစဉ်တွေမှာတော့    ဆောက်သမ်တန်က   ဖူလ်ဟမ်ကို တစ်ဂိုး-ဂိုးမရှိ၊ ပေါ့ဗေးလ်အသင်းကလည်းဆန်းဒါးလန်းကို တစ်ဂိုး-ဂိုးမရှိတို့ဖြင့်အနိုင်ရပြီး ကွာတားဖိုင်နယ် တက်လှမ်းခဲ့တာဖြစ်ပါတယ်။                                    

ငွေကြယ်