မန်စီးတီးနောက်ခံလူ ဂျွန်စတုန်း သီတင်းလေးပတ်မှ ငါးပတ်အကြားအနားယူရမည်

  စက်တင်ဘာ

မန်စီးတီးအသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ နောက်တန်းကစားသမား ဂျွန်စတုန်းဟာ လေ့ကျင့်ရေးကွင်းတွင် ဒဏ်ရာရရှိခဲ့တာကြောင့် သီတင်းလေးပတ်မှ ငါးပတ်အကြား အနားယူရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဂျွန်စတုန်းဟာ စက်တင်ဘာ ၁၇ ရက်က ချန်ပီယံလိဂ် အုပ်စုအဆင့်အဖွင့်ပွဲစဉ်အဖြစ် ရှက်တာဒိုးနက်စ်ခ်အသင်းနဲ့ ယှဉ်ပြိုင်ကစားဖို့ မန်စီးတီးအသင်းနဲ့အတူ ယူကရိန်းမြေမှာ လေ့ကျင့်ရေးဆင်းနေစဉ် ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ပရီမီယာလိဂ်၊ ချန်ပီယံလိဂ်နဲ့ကာရာဘာအိုဖလားစတဲ့ ပြိုင်ပွဲတွေနဲ့ ပွဲကျပ်ကာလရောက်နေချိန်မှာ ကစားသမားအများစု ဒဏ်ရာရရှိနေခဲ့တာဖြစ်ပြီး လာပေါ့တီဟာလည်း ဒဏ်ရာပြဿနာကြောင့် ဇန်နဝါရီလ ဒါမှမဟုတ် ဖေဖော်ဝါရီလလောက်မှပြန်လည်ပွဲထွက်ကစားနိုင်မယ်လို့ သိရပါတယ်။

နောက်တန်းကစားသမား ဂျွန်စတုန်းဟာ မန်စီးတီးအသင်းနဲ့အတူပွဲစဉ်ရှစ်ပွဲအထိ လွဲချော်မှာဖြစ်ပြီး စက်တင်ဘာ ၂၁ ရက်မှာ ဝက်ဖို့ဒ်အသင်းနဲ့ ပရီမီယာလိဂ်ပွဲစဉ်၊ စက်တင်ဘာ ၂၈ ရက်မှာ အဲဗာတန်အသင်းနဲ့ ပရီမီယာလိဂ်ပွဲစဉ်၊ အောက်တိုဘာ ၁ ရက်မှာ ဒိုင်နမိုဇာဂရက်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ လက်ရှိပရီမီယာလိဂ်အမှတ်ပေးဇယားမှာ ထိပ်ဆုံးက လီဗာပူးအသင်းနဲ့ ငါးမှတ်အကွာ အဆင့် ၂ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ငွေကြယ်