မင်းဘူး(စကု) မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်နှင့် ဘာသာရေး အဆောက်အဦများ အမိုးလန်ပျက်စီး

မင်းဘူး ၁၆ မေ    
    
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု) မြို့နယ်တွင် မေ ၁၅ ရက်နေ့ မွန်းလွဲပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်နှင့် ဘာသာရေး အဆောက်အဦများ အမိုးလန်ပျက်စီးခဲ့ကြောင်း မင်းဘူး(စကု) မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

01

 

လေပြင်းတိုက်ခတ်မှုကြောင့် မင်းဘူး(စကု) မြို့နယ်၊ ကြီးကန်ကျေးရွာအုပ်စု၊ ကူရွာကျေးရွာတွင် လူနေအိမ်(၂) လုံး ခွန်သာကျေးရွာအုပ်စု၊ ခွန်သာကျေးရွာတွင် လူနေအိမ်(၂)  လုံး၊ မင်းလှကျင်းကျေးရွာအုပ်စု၊ မင်းလှကျင်းကျေးရွာတွင် လူနေအိမ်(၄) လုံး၊ ဘာသာရေး အဆောက်အဦ (၁) လုံး၊ လေးပင်ကျေးရွာတွင် လူနေအိမ်(၁၈) လုံး၊ ဘာသာရေး အဆောက်အဦ(၂) လုံး၊ ပျော်ဘွယ်ကျေးရွာတွင် လူနေအိမ်(၂) လုံး၊ ကိုင်းမကြီးကျေးရွာအုပ်စု၊ ကိုင်းမကြီးကျေးရွာတွင် လူနေအိမ်(၅) လုံး အမိုးလန်ပျက်စီးခဲ့ရာ စုစုပေါင်း လူနေအိမ်(၃၃)လုံးနှင့် ဘာသာရေးအဆောက်အဦ(၃) လုံး အမိုးလန်ပျက်စီးခဲ့ပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့် တိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာရသေဆုံးမှု မရှိပါကြောင်း မင်းဘူး(စကု) မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

0123000

 

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသော နေအိမ်များနှင့် ဘာသာရေးအဆောက်အဦများအား အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်မီးသတ်ဦးစီးမှူး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးစီးမှူးတို့အဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ပြီး သစ်ပင်သစ်ကိုင်းများအား ရှင်းလင်း ပေးခြင်း၊ ပြိုလဲပျက်စီးနေအိမ်များအား ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ပြန်လည်ပြင်ဆင်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ကျော်စိုးဝင်း( မင်းဘူး)