မင်းဘူး(စကု)မြို့နယ်၌ ဓာတ်သတ္ထုလုပ်ငန်းလိုင်စင်​ လျှောက်ထားမှု ၄၉ ခုရှိ

မင်းဘူး   ဇန်နဝါရီ   ၂၆

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဓာတ်သတ္ထုလုပ်ငန်းလိုင်စင် ၄၉ ခု လျှောက်ထားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်ထံမှ သိရသည်။

 

အဆိုပါ ဓာတ်သတ္ထုလုပ်ငန်းလိုင်စင် လျှောက်ထားလာမှုများ၊ လုပ်ကွက်အတွင်း လုပ်ငန်းဆောင်ရွက်နေမှုများနှင့် အခွန် လေးမျိုး လျာထားချက် ပြည့်မီစွာ ဆောင်ရွက်နိုင်စေရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်နှင့် စစ်ဆေးရေးအဖွဲ့ တာဝန်ရှိသူများက ဇန်နဝါရီ ၂၅ ရက်က ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့သည်။

 

မင်းဘူး(စကု)မြို့နယ်၌ ဓာတ်သတ္ထုလုပ်ငန်း လိုင်စင်ဖြစ်သော (အုတ်၊ သဲ၊ ကျောက်၊ ကျောက်စရစ်) လုပ်ငန်းလိုင်စင်များ လျှောက်ထားဆောင်ရွက်နေပြီး ထပ်မံလျှောက်ထားလာမှုများနှင့် လုပ်ငန်းဆောင်ရွက်နေမှုများအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ကိုက်ညီမှု ရှိ/မရှိ၊ သတ်မှတ်လိုင်စင် စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ လုပ်ငန်းလုပ်ကွက်များအတွင်း ဆောင်ရွက်နေမှု ရှိ/မရှိ၊ သတ်မှတ်ထားသော အခွန်နှုန်းထားများ ပေးသွင်းစေရေးနှင့် အခွန် လေးမျိုး လျာထားချက် ပြည့်မီကျော်လွန်အောင် ဆောင်ရွက်နိုင်စေရေးတို့အတွက် လုပ်ငန်းရှင်များနှင့် သွားရောက်တွေ့ဆုံ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်က ပြောပြသည်။

 

မင်းဘူး(စကု)မြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် မီနီဘက်ဂျက် ခြောက်လတာကာလအတွင်း ဓာတ်သတ္ထုလုပ်ငန်းလိုင်စင်များဖြစ်သည့် (အုတ်၊ သဲ၊ ကျောက်၊ ကျောက်စရစ်) လုပ်ငန်း လိုင်စင်ပေါင်း ၄၉ ခု လျှောက်ထားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

မောင်မောင်(မင်းဘူး)