မင်းဘူး စက်တင်ဘာ ၉

မကွေးတိုင်းဒေသကြီး မင်းဘူး (စကု)မြို့နယ်ရှိ ဒေသခံတောင်သူများ ယခုနှစ် စိုက်ပျိုးရာသီတွင် မိုးစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးနိုင်ရန် ကမ်းနီဆိုလာ လျှပ်စစ်မြစ်ရေတင်လုပ်ငန်း စီမံကိန်းဧရိယာ၌ စိုက်ပျိုးရေများ ဖြန့်ဝေပေးလျက်ရှိသည်။

ထိုသို့စိုက်ပျိုးရေများ ဖြန့်ဝေပေးရာတွင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန (ရေအရင်းအမြစ်)လက်အောက်ရှိ ကမ်းနီဆိုလာ လျှပ်စစ်မြစ်ရေတင်လုပ်ငန်း စီမံကိန်းဧရိယာအတွင်း ဒေသခံ တောင်သူများ သီးနှံစိုက်ပျိုးချိန် ရာသီအလိုက် စိုက်ပျိုးရေရရှိရေးအတွက် ခရိုင်နှင့်မြို့နယ် တာဝန်ခံအရာရှိများက အနီးကပ် ကြီးကြပ်၍ စနစ်တကျ ဖြန့်ဝေပေးလျက် ရှိကြောင်း၊ ဒေသခံတောင်သူများအတွက် စိုက်ပျိုးရေများ လုံလောက်စွာဖြန့်ဝေပေးနိုင်ရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန (ရေအရင်းအမြစ်)က စီမံကိန်းဧရိယာအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို လျှော့ချနိုင်ရန်၊ မီတာယူနစ်ကုန်ကျစရိတ် သက်သာစေရန်နှင့် စိုက်ပျိုးရေများ စဉ်ဆက်မပြတ် ဖြန့်ဝေပေးနိုင်ရန်ရည်ရွယ်၍ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဆိုလာစနစ်ဖြင့် ကမ်းနီဆိုလာလျှပ်စစ် မြစ်ရေတင် လုပ်ငန်း၌ (၂၁၃)ကီလိုဝပ် ဆိုလာဓာတ်အား ပေးစနစ် တွဲဖက်တပ်ဆင်၍ ရာသီအလိုက် သီးနှံစိုက်ပျိုးချိန်ကာလအတွင်း စိုက်ပျိုးရေများ ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ မြို့နယ် တာဝန်ခံအရာရှိက ပြောသည်။

မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် စိုက်ပျိုးရာသီတွင် ကမ်းနီဆိုလာ လျှပ်စစ် မြစ်ရေတင်လုပ်ငန်းစီမံကိန်း ဧရိယာ၌ အကျိုးပြုစိစစ်ဧရိယာဧကပေါင်း ၇၅၇ ဧက ရှိသည့်အနက် ယနေ့အထိမိုးစပါးကို ရေသောက်စနစ်ဖြင့် ပေးဝေ၍ မရသော ကုန်းမြင့်ယာမြေများတွင် မိုဘိုင်းဆိုလာ ဖြင့် စိုက်ပျိုးရေပေးဝေကာ မိုးစပါး ၁၅ ဧက နှင့် ရေသောက်စနစ်အတွင်း မိုးစပါးဧက ၄၃၀ စုစုပေါင်းမိုးစပါးဧကပေါင်း ၄၄၅ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း၊ ထို့ပြင် အခြား သီးနှံများဖြစ်သော နှမ်းဧက ၁၉၀၊ မြေပဲ ၅၇ ဧက၊ ပဲစင်းငုံ ၂၇ ဧကနှင့် ပဲတီစိမ်း၅၃ ဧကတို့ကို စိုက်ပျိုးနိုင်ခဲ့ပြီး အဆိုပါသီးနှံ စိုက်တောင်သူများအတွက် စိုက်ပျိုးရေများ လုံလောက်စွာ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)