မင်းဘူးခရိုင်၌ အပူချိန်မြင့်မားသည့် နွေရာသီကာလ သောက်သုံးရေ အခက်အခဲဖြစ်ပေါ်ပါက ခရိုင်နှင့် မြို့နယ် မီးသတ်ဦးစီးဌာနရုံးများကို ဆက်သွယ်အကူအညီတောင်းခံနိုင်

မင်းဘူး မေ ၁၃

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်နှင့် မြို့နယ်အသီးသီးရှိ ဒေသခံပြည်သူများအနေဖြင့် အပူချိန်မြင့်မားသည့် နွေရာသီကာလအတွင်း သောက်သုံးရေများ အခက်အခဲဖြစ်ပေါ်ပါက သောက်သုံးရေများ လှူဒါန်းပေးနိုင်ရေး ခရိုင်နှင့်မြို့နယ် မီးသတ်ဦးစီးဌာနရုံးများသို့ ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ကြောင်း ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းထံက သိရသည်။

 

မင်းဘူးခရိုင်မီးသတ်ဦးစီးဌာနက ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် ယခုနှစ် နွေရာသီ အပူချိန်မြင့်မားသည့်ကာလ ဒေသခံပြည်သူများ သောက်သုံးရေရှားပါးမှုနှင့် သောက်သုံးရေပြတ်လပ်မှု အခက်အခဲများ မရှိစေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက မင်းဘူး(စကု)မြို့နယ်ရှိ မင်းလှကျင်းကျေးရွာသို့ မီးသတ်ရေသယ်ယာဉ်တစ်စီးဖြင့် သောက်သုံးရေ ဂါလန် ၂၄၀၀ ကို သွားရောက်လှူဒါန်းပေးခဲ့သည်။

 

“မင်းဘူးခရိုင်နှင့် မြို့နယ်များတွင် အပူချိန်မြင့်မားသည့် နွေရာသီကာလ သောက်သုံးရေများ အခက်အခဲဖြစ်ပေါ်ပါက ခရိုင်မီးသတ်ဦးစီးဌာန ဖုန်း ၀၉ - ၄၂၈၃၄၅၉၂၈ ထံသို့လည်းကောင်း၊ သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ မြို့နယ်မီးသတ်ဦးစီးမှူးရုံးများနှင့် နယ်မြေခံ မီးသတ်စခန်းများသို့ လည်းကောင်း တိုက်ရိုက်ဆက်သွယ်၍ သောက်သုံးရေများ လှူဒါန်းပေးနိုင်ရေးအတွက် အကူအညီတောင်းခံနိုင်ကြောင်း၊ ဆက်လက်ပြီး သောက်သုံးရေရှားပါးသည့် ကျေးရွာများကိုလည်း သွားရောက်လှူဒါန်း ပေးသွားမည်ဖြစ်ကြောင်း” ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းက ပြောသည်။

 

မောင်မောင်(မင်းဘူး)