မင်းဘူးခရိုင်၌ လယ်ကြားမြောင်းတူးဖော်၍ စိုက်ပျိုးရေ ရယူစိုက်ပျိုးရန် တောင်သူအသိပညာပေး

မင်းဘူး ဇွန် ၂၈

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ဆည်ရေသောက် ဧရိယာအတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် ဆည်ရေကို ရယူစိုက်ပျိုးရာတွင် ပိုမိုလွယ်ကူအဆင်ပြေစေရန်နှင့် ဆည်ရေအလေလွင့် ဆုံးရှုံးမှုနည်းပါးစေရေး လယ်ကြားမြောင်းများ တူးဖော်၍ ရေရယူစိုက်ပျိုးရန် တောင်သူအသိပညာပေးခြင်း အစီအစဉ်ကို ဇွန် ၂၇ ရက်က ပွင့်ဖြူမြို့နယ်၊ တောင်အင်းကျေးရွာရှိ အေးမေတ္တာဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မင်းဘူးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက စဉ်ဆက်မပြတ် ဆောင်ရွက်လျက်မှုများကို ရှင်းလင်းပြောကြားပြီး ဒေသခံတောင်သူများက စိုက်ပျိုးရေရရှိရေးကဏ္ဍများကို တင်ပြဆွေးနွေးကြရာ တာဝန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးကာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးသည်။

 

လယ်မြေအတွင်း၌ လယ်ကြားမြောင်းများ တူးဖော်ဆောင်ရွက်ခြင်းအားဖြင့် ဆည်ရေရယူသည့် တောင်သူအချင်းချင်း အငြင်းပွားမှုများ လျော့နည်းကာ ဆည်ရေပေးဝေမှုအား အလှည့်ကျစနစ်ဖြင့် စိုက်ပျိုးရေကို အကျိုးရှိရှိ ထိရောက်စွာ ရယူသုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် ကျေးရွာအလိုက် ရေအသုံးချသူများအဖွဲ့ (WUG)များ ဖွဲ့စည်းပြီး ဆောင်ရွက်မည်ဆိုပါက ဆည်ရေသောက်စနစ် ဧရိယာရှိ ဒေသခံတောင်သူများအနေဖြင့် စိုက်ပျိုးရေ ရယူသုံးစွဲချိန်တွင် များစွာအထောက်အကူပြု၍ အကျိုးဖြစ်ထွန်းစေနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

မောင်မောင်(မင်းဘူး)