မင်းဘူးမြို့ ၊ ဆိုလာစက်ရုံမှ လျှပ်စစ်မဂ္ဂါဝပ် ၄၀ ကို နိုင်ငံတော်ဓါတ်အားပေးစနစ်ထဲသို့ ပေါင်းထည့်နိုင်တော့မည်

မင်းဘူး ၂၁ မေ 

        
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့၏ အနောက်တောင်ဘက် (၁၆.၃)မိုင်ခန့်အကွာ မင်းဘူး- အမ်း ကားလမ်းဘေး၌ တည်ရှိသော မြန်မာနိုင်ငံ၏ ပထမဆုံး ဆိုလာဓါတ်အားပေးစက်ရုံမှ လျှပ်စစ်မဂ္ဂါဝပ်(၄၀)ကို မဟာဓါတ်အားလိုင်းဟု ခေါ် သည့် နိုင်ငံတော်ဓါတ်အားပေးစနစ်ထဲသို့ ၂၀၁၉ ခုနှစ် ဇူလိုင်လထဲတွင် အပြည့်အဝ ပေါင်းထည့်နိုင်တော့မည်ဖြစ်ကြောင်း  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
        

ပထမအဆင့်အဖြစ် မဂ္ဂါဝပ်(၂၀) ကို  ၂၀၁၉ ခုနှစ်၊ မေလကုန်တွင်လည်းကောင်း ၊ ဒုတိယအဆင့်အဖြစ် မဂ္ဂါဝပ် (၂၀)ကို ၂၀၁၉ ခုနှစ် ဇူလိုင်လထဲတွင်လည်းကောင်း ထုတ်လုပ်ပေါင်းထည့်မှုများ လုပ်ဆောင်သွားမည်ဖြစ်သည်။
        

“ နိုင်ငံတော်ဓာတ်အားစနစ်ထဲကို ပထမအဆင့်အနေနဲ့ (၄၀) မဂ္ဂါဝပ်ထုတ်လွှတ်ဖို့ ဆောင်ရွက်နေတာမှာ အခု မေလ(၃၀)ရက်နေ့မှာ မဂ္ဂါဝပ်(၂၀)ကို စပြီး ထုတ်လွှတ်သွားဖို့ ပြင်ဆင်နေပါပြီ။ နောက်ထပ် မဂ္ဂါဝပ်(၂၀)ကိုလည်း တစ်လခွဲ လောက်နေရင် ထုတ်လွှတ်ပေးနိုင်မှာဖြစ်ပါတယ် ” ဟု မကွေးတိုင်းဒေသကြီး သဘာဝပတ်ဝန်းကျင်၊ သယံဇာတနှင့် လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က ပြောသည်။
        

နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံမှာ Green Earth Power (Myanmar) Co.,Ltd.နှင့်  နိုင်ငံတော် အစိုးရတို့ ၂၀၁၃ ခုနှစ်၊ မေလ (၂)ရက်နေ့တွင် MOU သဘောတူ လက်မှတ်ရေးထိုး၍ ၂၀၁၆ ခုနှစ်၊ မတ်လ (၂၀)ရက်နေ့တွင် PPA သသောတူလက်မှတ်ရေးထိုးခဲ့သည့် စီမံကိန်းတစ်ခုဖြစ်ပြီး မြေဧကအကျယ်(၇၀ဝ)ပေါ်တွင် ဆိုလာပြားများဖြန့်ခင်း၍ လျပ် စစ်ဓါတ်အား စုစည်းထုတ်လုပ်လျက်ရှိသည်။
            

“ ယခင်အစိုးရလက်ထက်က သဘောတူညီခဲ့တဲ့နှုန်းထားက တစ်ယူနစ်ကို အမေရိကန်ဒေါ်လာ (၁၂.၇၅)ဆင့်၊ မြန်မာငွေ ကျပ်(၁၉၀)ဝန်းကျင် ပေးချေဝယ်ယူရမှာ ဖြစ်ပါတယ်။ နောက်ထပ်ပြီး ထုတ်လုပ်မယ့် ဓါတ်အားတွေနဲ့ ပတ်သက်ပြီး ဈေးနှုန်းထပ်မံလျှော့ချပေးဖို့ ညှိနှိုင်းမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ် ” ဟု ဝန်ကြီးဦးမြင့်ဇော်က ပြောဆိုသည်။

 

1


    

ပြည်သူကိုဝန်ဆောင်မှုပေးနေသော လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှာ ဓါတ်အားခကောက်ခံမှုနှုန်းအပေါ် အခြေခံ၍ ခေတ်အဆက်ဆက် အရှုံးပေါ်နေသော လုပ်ငန်းတစ်ခုဖြစ်ပြီး တစ်နှစ်လျှင် ကျပ်ငွေဘီလျှံ(၄၀ဝ)ကျော် အရှုံးပြနေသဖြင့် အရင်းရအောင်ပြန်လည်ဆောင်ရွက်ကာ ကျန်းမာရေး၊ ပညာရေး ကဲ့သို့ အခြားလိုအပ်သော ပြည်သူဝန်ဆောင်မှုလုပ်ငန်းများတွင်  ဖြည့်ဆည်းနိုင်မည်ဆိုပါက နိုင်ငံ၏ကောင်းမွန်သော အရွေ့တစ်ခုကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ဝေဖန်သုံးသပ်မှုများ ထွက်ပေါ်လျှက်ရှိသည်။ 
                                    

ဇေယျတု(မကွေး)

 

1