မင်းဘူးမြို့နယ်အတွင်းရှိ ကျေးရွာ လေးရွာတွင် ရေရရှိရေးဆောင်ရွက်မှု ၉၅ ရာခိုင်နှုန်းခန့် ပြီးစီး

မင်းဘူး ၂၀  ဇွန် 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူးမြို့နယ်အတွင်းရှိ ကျေးရွာလေးရွာ၌ နွေရာသီသောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် ကျေးလက်ဒေသရေရှိရေးလုပ်ငန်းလေးခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။ 

 

11

 

အဆိုပါ ရေရရှိရေးလုပ်ငန်းများကို ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံ ငွေကျပ် ၇၃ ဒသမ ၄ သန်းဖြင့် ပျော်ဘွယ်ကျေးရွာ၊ ရွာသစ်ကျေးရွာ၊ မကျီးပင်၊ ရေငံကျေးရွာစသည့် ကျေးရွာလေးရွာတွင် စက်ရေတွင်းသုံးတွင်းတူးဖော်ခြင်း၊ မြေသားရေကန် တစ်ကန်ပြုပြင်ခြင်း၊ အမြင့် ၂၀ ပေရှိ ဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင်(၃) ခုတည်ဆောက်ခြင်း၊ အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေရှိ ရေစက်ရုံ(၃)ခု ဆောက်လုပ်ခြင်းလုပ်ငန်းများကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှစပြီး တင်ဒါခေါ်ယူဆောင်ရွက်ခဲ့တာဖြစ်ကြောင်း မင်းဘူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဘုန်းလင်းက ပြောသည်။ 

 

22

 

“ ကျွန်တော်တို့ ဦးစီးဌာန အနေနဲ့တော့ ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိရေးကို ဦးစားပေး ဆောင်ရွက်နေပါတယ်။ လက်ရှိမှာတော့ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းတွေအားလုံးပြီးစီးပြီဖြစ်၍ ကျန်ရှိတဲ့ မြေသားရေကန်ပြုပြင်ခြင်းကို ဆောင်ရွက်လျက်ရှိပါတယ်။ ရာခိုင်နှုန်းအနေနဲ့ပြောရရင် ၉၅ ရာခိုင်နှုန်းခန့်ပြီးစီးနေပါပြီ။ မင်းဘူးမြို့နယ်အတွင်းရှိ ကျေးရွာတွေ သောက်သုံးရေဖူလုံစွာရရှိရေးကိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဦးစားပေး အလိုက် ရွေးချယ်ပြီး ဆောင်ရွက်ပေးနေတာဖြစ်တယ်လို့” မြို့နယ်ဦးစီးမှူးက ဆက်လက်ပြောပြသည်။ 

အဆိုပါ ရေရရှိရေးလုပ်ငန်းအားလုံး ဆောင်ရွက်ပြီးစီးပါက ကျေးရွာ(၄)ရွာရှိ အိမ်ခြေ(၃၈၆)၊ လူဦးရေ (၁၆၈၆)ဦးနှင့် ကျွဲ၊ နွား တိရစ္ဆာန်အားလုံး သောက်သုံးရေဖူလုံစွာ ရရှိတော့မှာဖြစ်ကြောင်း သိရသည်။ 

စိုးမိုးကျော်