မင်းဘူးမြို့တွင် ကြက်သွန်နီဈေး အတက်ဘက်သို့ဦးတည်လာပြီး လှိုင်လှိုင်ရောင်းချနေရ

မင်းဘူး မေ ၉

 

မကွေးတိုင်းဒေသကြီး မင်းဘူးဈေးကွက်တွင် ကြက်သွန်နီဈေး အတက်ဘက်သို့ဦးတည်လာပြီး လှိုင်လှိုင်ရောင်းချနေရကြောင်း မင်းဘူးမြို့ကြက်သွန်နီ ပွဲစားများထံမှ သိရသည်။

 

“ကျွန်တော်တို့ မင်းဘူးပွဲရုံကို လာရောင်းတဲ့ တောင်သူတွေဆိုယခင်က ကြက်သွန်နီ တစ်ပိဿာ ကျပ် ၁၅၀/၂၀၀ ဝန်းကျင်ရောင်းရပေမဲ့ ယခု ကြက်သွန်နီဈေး ပြန်တက်လာပြီး တစ်ပိဿာကို လက်လီဈေး ၇၀၀/၈၀၀ နဲ့ ပွဲရုံဝယ်ဈေး ၅၀၀/၆၀၀ ကျပ်ဆိုတော့ တောင်သူတွေအနေနဲ့ အဆင်ပြေလာတာပေါ့ဗျာ” ဟု ကြက်သွန်နီအဝယ်တော် ဦးထွန်းက ပြောသည်။

 

လက်ရှိ ကြက်သွန်နီဈေးကွက်တွင် တောင်သူများက နောက်မှပေါ်သည့် စိုက်ခင်းများနှင့် လှောင်ထားသည့် တောင်သူများသာ ရောင်းချကြသည့်အတွက် ကြက်သွန်နီများ ရှားပါးချိန် ရောက်လာသည်ဟု ဆိုနိုင်သည်။

 

မင်းဘူးမြို့ ကြက်သွန်နီဈေးကွက်တွင် ငွေဖလားရှယ်ကြီး လက်လီတစ်ပိဿာ ၈၀၀ ကျပ်နှင့် လက်ကားတစ်ပိဿာ  ၆၀၀ ကျပ်သာ ရောင်းရကြောင်း၊ ယခင်နှစ်က ကြက်သွန်နီဈေး တစ်ပိဿာကို ကျပ် ၁၇၀၀/၁၈၀၀ ဈေးအထိရှိခဲ့ပြီး ကုန်စည်စီးဆင်းမှု လှိုင်လှိုင်မရှိသည့်အပြင် ဈေးကွက်အတွင်း ဝယ်လိုအား သိသာစွာကျဆင်းနေသည့်အတွက် ပုံမှန်ဈေးအောက်ရောက်နေသည့် ပမာဏထက်များစွာ လျော့နည်းနေကြောင်းလည်း ကြက်သွန်လုပ်ငန်းရှင်များက ဆိုကြသည်။ ယခု ဧပြီ၊ မေလများတွင် ကြက်သွန်နီဈေး ပြန်တက်လာပြီး ပွဲရုံဈေး ၅၀၀/၆၀၀ ဖြင့် လှိုင်လှိုင်ရောင်းချနေရကြောင်း ကြက်သွန်လုပ်ငန်းရှင် ဦးသာပေါက ပြောသည်။

 

ကြက်သွန်နီဈေး ပြန်တက်လာသော်လည်း မင်းဘူးမြို့ရှိ ပွဲရုံများသို့ ကြက်သွန်နီကားများ ပုံမှန်ဝင်ရောက်လျက်ရှိကာ တစ်နေ့လျှင် ကြက်သွန်နီ ပိဿာချိန် ၆၀၀၀၀ ခန့် ပုံမှန်လာရောက်ရောင်းချလျက်ရှိကြောင်း အမှတ် (၄) ပွဲရုံပိုင်ရှင် ဒေါ်လဲ့ပြောက ပြောသည်။

 

ဇေယျာထက်(မင်းဘူး)