မင်းဘူးမြို့တွင် မှုခင်းများ လျော့နည်းကျဆင်းစေရေး ဆောင်ရွက်စဉ် ဓားလက်နက်ကိုင်ဆောင်သူ လေးဦးအား ဖမ်းဆီးအရေးယူ

မင်းဘူး ၂၁  ဩဂုတ်     

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်စေမည့် မှုခင်းများ မဖြစ်ပွားစေရေးအတွက်  မင်းဘူးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ယမန်နေ့ ည ၇ နာရီအချိန်က မင်းဘူး-ပဒါန်းကားလမ်းနှင့် မင်းဘူး-စကုကားလမ်းရှိ လမ်းအသုံးပြုခ ကောက်ခံရေးမောင်းတံဂိတ်တို့တွင် ဆောင်ရွက်ခဲ့စဉ် ဓားလက်နက်ကိုင်ဆောင်သူ ၄ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း မင်းဘူးမြို့မရဲစခန်းမှ  သိရသည်။

 

အဆိုပါလမ်းမပေါ်တွင် ဖြတ်သန်းသွားလာနေသော မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များကို ရပ်တန့် ရှာဖွေစစ်ဆေးရာမှ ကန်ရေကျေးရွာနေသူ စိုးလှိုင်၏ ဆိုင်ကယ် အနက်ရောင်တူးဘောက်ထဲမှ အရိုးအသွား (၁၀) လက်မခန့် သတ္တုအရိုးတပ် ဓားမြောင် တစ်ချောင်း၊ အလံပါယ်ကျေးရွာနေသူ တက်တိုးခိုင်ထံမှ အရိုးအသွား (၈)လက်မခန့် ဓားမြောင်တစ်ချောင်း၊ မင်းဘူးမြို့၊ အမှတ်(၁) ရပ်ကွက် အုတ်ကျင်းရပ်နေသူ အေးမင်းထက် လွယ်ထားသော အဝါရောင်လွယ်အိတ်အတွင်းမှ  အရိုးအသွား (၁၂) လက်မခန့် သံအရိုးတပ် ဓါးမြောင်တစ်ချောင်းနှင့် ပွင့်ဖြူမြို့နယ်၊ ရွာသာကြီးကျေးရွာနေသူ မျိုးလွင်၏ခန္ဓာကိုယ်တွင် လွယ်လျက်အရိုးအသွား (၁၆) လက်မခန့် သစ်သားရိုးတပ် ဓားမြောင်တစ်ချောင်း တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ဒုရဲအုပ်ကျော်ငြိမ်းထံမှ သိရသည်။

 

ထို့ကြောင့် အများပြည်သူသွားလာနေသော လမ်းမပေါ်တွင် ဓားဦးချွန် ဓားမြှောင်  ကိုင်ဆောင်သူများ ဖြစ်ကြသော စိုးလှိုင်၊ အေးမင်းထက်၊ တက်တိုးခိုင်နှင့် မျိုးလွင် တို့လေးဦးအား မင်းဘူးမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)