မင်္ဂလာဒုံမြို့နယ် သန့်ရှင်းသာယာသပ်ရပ်ရေးရန်ကုန်မြို့တော်ဝန် ကွင်းဆင်းစစ်ဆေး

 

ရန်ကုန်၊  စက်တင်ဘာ  ၂၈

 

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်၊ ပလရ ရပ်ကွက်၊ ပြည်လမ်းနှင့် ရွှေပြည်သာမြို့နယ် အမှတ် (၄) လမ်းမကြီးသို့ ဆက်သွယ်သည့် အောင်ချမ်းသာလမ်း တိုးချဲ့ကွန်ကရိ ခင်းကျင်းနေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး စံချိန်စံညွှန်းအညီ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်၊ အမှတ်(၄)လမ်းဆုံအနီး လမ်းချဲ့ရာတွင် ချန်လှပ်ခဲ့သည့် သစ်ပင်တန်းကို လမ်းလယ်ကျွန်းပြုလုပ်ရန်၊ သဘင်ခြံအနီး လမ်းတိုးချဲ့ရာတွင် မလွတ်ကင်းသည့် ရေဘားကို အဖုံးအုပ်၍ မီးသတ်ရေငုတ် (Fire Hydrant) ကို ရွှေ့ပြောင်းတပ်ဆင်ရန်တို့ကို မှာကြားသည်။

 

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ပျဉ်းမပင်ရပ်ကွက်၊ ဘိုခြံလမ်း၊ ၎င်းမှ အမှတ်(၃)လမ်းမကြီး၊ ထိုမှတစ်ဆင့် ပေါက်ကုန်းရပ်ကွက်နှင့် သစ်ဆိမ့်ကုန်းရပ်ကွက် ဧရာဝတီလမ်းသို့ သွားရောက်၍ လမ်းများတစ်လျှောက် သန့်ရှင်းသာယာသပ်ရပ်ရေးနှင့် ရေစီးရေလာ အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ များကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်