မင်္ဂလာဒုံမြို့နယ်အတွင်း တရားမဝင် သစ်တင်ကား ဖမ်းဆီးရာမှ ရဲတပ်ဖွဲ့ဝင်(၁)ဦး ဒဏ်ရာရရှိ

နေပြည်တော်  ၁၀  ဇွန် 


မင်္ဂလာဒုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဇွန် ၉ ရက် နံနက် ၆ နာရီ ရဲလှည့်ကင်းယာဉ်ဖြင့် နယ်မြေအတွင်းလှည့်ကင်းဆောင်ရွက်စဉ် မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာ၊ ဇေကမ္ဘာ R (၁၁)လမ်းပေါ်တွင် မောင်းနှင်လာသော (၆)ဘီးယာဉ်အား မသင်္ကာဖွယ်တွေ့ရှိ၍ တားဆီးစစ်ဆေးရန် ပြုလုပ်စဉ် ရပ်တန့်ပေးခြင်းမရှိသည့်အပြင် လေးခွဖြင့် စတင်ပစ်ခတ်ခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင်(၁)ဦး ၏ ဝဲပုခုံးထိမှန်ဖူးယောင်ဒဏ်ရာ ရရှိခဲ့သည်။


၎င်းယာဉ်မှာ ဆက်လက်မောင်းနှင်ထွက်ပြေးသွားပြီး ယာဉ်ထွက်ပြေးလွတ်မြောက်စေရန် MARK II ယာဉ်မှ လှည့်ကင်းယာဉ်အား တားဆီးပိတ်ဆို့မောင်းနှင်နေခြင်းများပြုလုပ်၍ ၎င်းယာဉ်အား လှည့်ကင်းယာဉ်မှ ကျော်တက်ပြီး (၆)ဘီးယာဉ်အား ဆက်လက်လိုက်လံဖမ်းဆီးစဉ် ထောက်ကြန့်မြို့၊ လမ်းဆုံအရောက် ရဲတပ်ဖွဲ့မှ သတိပေးပစ်ခတ်တားဆီးရာ ယာဉ်၏နောက်ဘီးကို ထိမှန်ခဲ့သည်။


၎င်းယာဉ်မှာ အမှတ်(၃)လမ်းမကြီး ပိတ်ဆို့ရှာဖွေရေးဂိတ်ရှိ ဘယ်ရီဂိတ်အတားအဆီးများအား လည်းကောင်း၊ အမြန်လမ်းမကြီး တိုးဂိတ်မောင်းတံအားလည်းကောင်း ဝင်တိုက်၍ ဆက်လက်မောင်းနှင်ထွက်ပြေးပြီး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်(၆/၁) အနီးတွင် ရပ်တန့်သွားခဲ့သည်။ ယာဉ်ပေါ်ပါသူများမှာ တိမ်းရှောင်သွားခဲ့ပြီး ယာဉ်ပေါ်၌ ကျွန်းခွဲသားဆိုဒ်စုံ(၄ ဒသမ ၉၄၃၄)တန်အား တွေ့ရှိသိမ်းဆည်းရမိခဲ့ သဖြင့် ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ 


(သတင်းစဉ်)