နေပြည်တော် မတ် ၁၈
မင်္ဂလာဒုံမြို့နယ်တွင် ငွေကျပ် ၂၃၂ သိန်းတန်ဖိုးနှင့် လားရှိုးမြို့တွင် ငွေကျပ် ၈၂ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၁၆ ရက် ည ၇ နာရီတွင် သတင်းအရ မင်္ဂလာဒုံမြို့နယ် အမှတ် (၂) (က) ရပ်ကွက်နေ ထက်ဝေဖြိုး (၂၅) နှစ်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၂၀၀ (တစ်ပြားလျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၂၀၂ သိန်း) နှင့် အိုက်စ် (မက်သ်အဖက်တမင်း) ၁၀၀ ဂရမ် (တစ်ဂရမ်လျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၃၀) တို့ကို သိမ်းဆည်းရမိသဖြင့် ထက်ဝေဖြိုးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားသည်။
ထို့အတူ မတ် ၁၇ ရက် နံနက် ၁၀ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ လားရှိုးမြို့ သံလွင်ရပ်ကွက်နေ လောက်ခမ်း (ခ) အားခမ်း (၃၂) နှစ်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀ (တစ်ပြားလျှင်ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၈၀) နှင့် ဘိန်းဖြူ ၁၀ ဂရမ် (တစ်ဂရမ်လျှင်ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၂ သိန်း) တို့အား သိမ်းဆည်းရမိသဖြင့် လောက်ခမ်း (ခ) အားခမ်းအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်


