မင်္ဂလာဒုံမြို့နယ်၌ တွေ့ရှိထားသည့် အလောင်း(၃)လောင်းနှင့်ပတ်သက်၍ မည်သူမည်ဝါဖြစ်ကြောင်း သိရှိသူများမှ ရဲတပ်ဖွဲ့ဖုန်းနံပါတ်များသို့ ဆက်သွယ်အကြောင်းကြားပေးရန် မေတ္တာရပ်ခံထား

ရန်ကုန် ၁၅ ဇူလိုင်

 


မင်္ဂလာဒုံမြို့နယ်၌ တွေ့ရှိထားသည့် အလောင်း(၃)လောင်းနှင့် ပတ်သက်၍ မည်သူမည်ဝါဖြစ်ကြောင်း သိရှိသူများမှ ရဲတပ်ဖွဲ့ဖုန်းနံပါတ်များသို့ ဆက်သွယ်အကြောင်းကြားပေးရန် မေတ္တာရပ်ခံထား ကြောင်းထောက်ကြန့်နယ်မြေရဲစခန်းမှ သိရသည်။

 


ဖြစ်စဉ်မှာ ဇူလိုင်လ ၁၃ရက် နံနက် ၈နာရီခွဲတွင် မင်္ဂလာဒုံမြို့နယ်၊ လှော်ကားမောင်းတံဂိတ်၏ တောင်ဘက် (၂)ဖာလုံခန့်အကွာ လှော်ကားလမ်းဘေး၌ အမည် နေရပ်လိပ်စာ မသိရသေးသည့် အလောင်း(၃)လောင်း (အမျိုးသား(၂)၊ အမျိုးသမီး(၁)) တွေ့ရှိရကြောင်း သတင်းအရ ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ အသက်(၁၇)နှစ်ဝန်းကျင် လူငယ်အလောင်း(၃)လောင်းသည် အမျိုးသမီး (၁)ဦးအား ပက်လက်အနေအထားဖြင့်လည်းကောင်း၊ အမျိုးသား(၂)ဦးမှာ မှောက်ခုံထပ်လျက် အနေ အထားဖြင့်လည်းကောင်း၊ ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရှိဘဲ သေဆုံးနေကြောင်းစစ်ဆေး တွေ့ရှိခဲ့ခြင်းဖြစ်သည်။

 


ယင်းအလောင်းများအား အင်းစိန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ကနဦးစစ်ဆေးချက်များအရ အစာအိမ်တွင် အစာမရှိကြောင်း အဆုတ်လေမွန်းကျပ်၍ သေဆုံးခြင်းဖြစ်ပြီး ဦးခေါင်းပိုင်းနှင့် ခန္ဓာကိုယ်တို့တွင် သေစေလောက်သည့် ပြင်ပ ဒဏ်ရာ/ထိုးသွင်း ဒဏ်ရာမရှိကြောင်း၊ ၎င်းတို့၏ အနီး တွင် မစားရသေးသော ကြွပ်ကြွပ်အိတ်ဖြင့်ထုပ်ထားသည့်  ထမင်းထုပ် (၃)ထုပ်နှင့် အလောင်းများတွင် သဲများကပ်နေသည်ကို တွေ့ရှိရကြောင်းကို မင်္ဂလာဒုံထောက်ကြန့်နယ်မြေရဲစခန်းမှ သိရသည်။

 


"သေမှုသေခင်းဖွင့်ထားပါတယ်၊ အလောင်းကတော့ ဆေရုံကပီအာရ် ၂၀/၂၁/၂၂တွေနဲ့ လက်ခံထားပါတယ်၊ ခုထိတော့ ဘယ်သူကမှဆက်သွယ်မလာသေးပါဘူး"ဟု ဇူလိုင်လ ၁၅ ရက် မွန်းလွဲပိုင်းက ထောက်ကြန့်နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။

 

သေဆုံးသူများနှင့် ပတ်သက်၍ မည်သူမည်ဝါဖြစ်ကြောင်း သိရှိသူများမှရဲတပ်ဖွဲ့ ဖုန်းနံပါတ်များဖြစ် သည့် ဝ၉-၂၅၀၃၇၄၆၇၇၊ ဝ၁-၉၄၃၇၀၃၂၊ ဝ၁-၂၃၂၃၁၉၉ ဖုန်းနံပါတ်များသို့ ကူညီ ဆက်သွယ်သတင်းပေးပို့နိုင်ပါရန် ရဲတပ်ဖွဲ့က မေတ္တာရပ်ခံထားကြောင်း သိရသည်။

 


မျိုးမင်းသိန်း(မရမ်းကုန်း)