မင်္ဂလာရှိသောရက်များ နေ့တိုင်းဖြစ်ကြပါစေ

ငွေကြေးဥစ္စာပစ္စည်းတို့နှင့် ပတ်သက်လျှင် “ မရှိ ”ဟူသောစကားကို လူတို့မကြာလို၊ လက်မခံလို ရောဂါဘေးဘယာ တို့နှင့် ပတ်သက်လျှင်မူ "မရှိ" ဟူသောစကားကို လူတိုင်းလူတိုင်း ကြားလိုနာလိုသည်။ ဆန့်ကျင်ဘက်သဘောသို့ ပို့ဆောင်တတ်သည့် "မရှိ" ဟူသော ထိုစကားနှစ်လုံးသည် လူတို့ဘဝတွင် ဥစ္စာအရာ၌ မင်္ဂလာမဖြစ်သော်လည်း ရောဂါအရာ၌ မင်္ဂလာဖြစ်သည်။

 

မျက်မှောက်ကာလတွင် ထို"မရှိ" ဟူသောစကားကို နေ့တိုင်းနေ့တိုင်း အများပြည်သူတို့ နားစွင့်ကြားလင့်နေကြသည်။ နံနက်မိုးလင်းလျှင် တစ်ကြိမ်၊ ညမိုးချုပ်လျှင် တစ်ကြိမ် "မရှိ” ဟူသော သတင်းစကားကို ပြည်သူများ စောင့်မျှော်နေကြသည်။ ထို မရှိစကားသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက နေ့စဉ်နှစ်ကြိမ် ထုတ်ပြန်ပေးသော ကိုဗစ်-၁၉ အတည်ပြုလူနာ "မရှိ” ဟူသည့် သတင်းစကားဖြစ်သည်။

 

အတည်ပြုလူနာ “မရှိသောနေ့ရက်များတွင် ပြည်သူများအဖို့ ဝမ်းသာပျော်ရွှင်ကြ၍ မင်္ဂလာရှိသောနေ့ဖြစ်သည်။ မေလ ၅ ရက်နေ့တွင် ဓာတ်ခွဲအတည်ပြုလူနာ “မရှိ”၊ မေလ ၆ ရက်နေ့တွင် “မရှိ"၊ ပြီးနောက် မေလ ၇ ရက်နေ့တွင် ဓာတ်ခွဲ အတည်ပြုလူနာသစ် "၁၅ ဦး တွေ့ရှိ” ခဲ့သည်။ မေလ ၈ ရက်နေ့တွင် ဓာတ်ခွဲအတည်ပြုလူနာသစ် "တစ်ဦး တွေ့ရှိ”၊ မေလ ၉ ရက်နေ့တွင် “တစ်ဦးတွေ့ရှိ"၊ မေလ ၁၀ ရက်နေ့တွင် "နှစ်ဦးတွေ့ရှိ" ခဲ့ရာ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာသစ် စုစုပေါင်း "၁၈၀ တွေ့ရှိ" ခဲ့သည်။

 

ထို့နောက် မေလ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့တွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာသစ် “မရှိ” သဖြင့် နှစ်ရက် ဆက်တိုက် ရောဂါပိုးရှိ ဓာတ်ခွဲအတည်ပြုလူနာသစ် မတွေ့ရှိခြင်းအတွက် ဝမ်းမြောက်မိသလို မင်္ဂလာရှိသော နေ့ရက်များဟု ဆိုရမည်ဖြစ်သည်။ သို့သော်လည်း မေလ ၁၃ ရက်နေ့ ည ၈ နာရီတွင် ဓာတ်ခွဲအတည်ပြုလူနာသစ် တစ်ဦး တွေ့ရှိခဲ့သည်။ သို့ဖြစ်၍ မေလ ၁၃ ရက်နေ့အထိ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၈၁ ဦး၊ သေဆုံးသူ လူနာခြောက်ဦး ဆေးကုသမှုခံယူပြီး ရောဂါပိုးကင်းစင်လာသူ ၇၉ ဦးရှိသဖြင့် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားသူ ၁၈၁ ဦးအနက် ဆေးကုသမှုခံယူနေသူ တစ်ဝက်ကျော်မျှသာ ကျန်ရှိတော့သည်။

 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ စတင်တွေ့ရှိသည့် မတ်လ ၂၃ ရက်နေ့မှစ၍ ယနေ့အထိ နှစ်လကျော်မျှ ကာလအတွင်း၊ အစုလိုက်အပြုံလိုက် ဖြစ်ပွားခဲ့သည့်နေ့ လေးကြိမ်ရှိပြီး ကျန်နေ့ရက်များတွင် တစ်ဦးစ၊ နှစ်ဦးစ ဖြစ်လိုက်၊ ရောဂါဖြစ်ပွားမှု “မရှိ” လိုက်နှင့် တရွေ့ရွေ့ တဖြည်းဖြည်းသာ ဖြစ်ပေါ်နေခဲ့သည်။ စိုးရိမ်ထိတ်လန့်ဖွယ်ရာ အစုအပြုံလိုက် တစ်ဟုန်ထိုး မြင့်မားလာခြင်းမရှိသည်မှာ မြန်မာနိုင်ငံအဖို့ ကံကောင်းသည်ဟု ဆိုရမည် ဖြစ်သည်။ ရောဂါရှိနေသေးသူများမှာ တစ်ရာဝန်းကျင်သာဖြစ်၍ ရောဂါကုသမှုကို နိုင်နိုင်နင်းနင်းရှိပြီ။ သေဆုံးမှုထပ်မတိုးခြင်းဟု ဆိုရမည်ဖြစ်သည်။

 

အမှန်တကယ်တွင် မြန်မာနိုင်ငံ၏လက်ရှိအနေအထားသည် ကိုဗစ်၁၉ ရောဂါကို ကာကွယ်၊ ထိန်းချုပ်နိုင်စွမ်းရှိသော အနေအထားဖြစ်သည်။ ရောဂါတွေ့ရှိမှု အလွန်အကျွံမဖြစ်ပွားသဖြင့် နိုင်နိုင်နင်းနင်း ထိန်းသိမ်းနိုင်စွမ်းရှိပြီး ပြည်သူများအားလုံးအနေဖြင့် ရောဂါနှင့်ပတ်သက်၍ ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်၊ စည်းကမ်းများကို တိတိကျကျ လိုက်နာမည်ဆိုပါမှ ဆက်လက်ကံကောင်းနေမည်သာ ဖြစ်သည်။ အချိန်တိုကာလအတွင်း ရောဂါ ပြီးပြတ်သွားနိုင်စေရန် နေ့စဉ်နေ့တိုင်း ရောဂါ "မရှိ" ဟူသော မင်္ဂလာနေ့ရက်များဖြစ်အောင် ကြိုးပမ်းအားထုတ်ရမည် ဖြစ်ပါကြောင်း။    ။