မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာစီမံကိန်း တည်ဆောက်မှု ၈၀ ရာခိုင်နှုန်းပြီးစီး

မန္တလေး   ဇန်နဝါရီ   ၂၉

 

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်အနီး ရှင်တော်ကုန်းကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာစီမံကိန်း တည်ဆောက်မှုမှာ ၈၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်၍ လာမည့် ဇွန်လအတွင်း ငှားရမ်းနေထိုင်ခွင့် ပြုနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရ သည်။

 

အဆိုပါ တိုက်ခန်းများအား တိုင်းဒေသကြီးရှိ အိမ်ရာမဝယ်ယူနိုင်သည့် ဝင်ငွေနည်း ပြည်သူများ၊ အငြိမ်းစား ဝန်ထမ်းများ၊ အငြိမ်းစားယူရန် နီးကပ်နေသည့် ဝန်ထမ်းများ၊ ဝင်ငွေနည်း ကုမ္ပဏီ ဝန်ထမ်းများ နေထိုင်ရေး အဆင်ပြေစေရန် ရည်ရွယ်၍ ခန့်မှန်းကုန်ကျငွေ ၄၁ ဒသမ ၆ ဘီလီယံ အကုန်အကျခံပြီး ၂၀၂၀ ခုနှစ် သြဂုတ် ၂၈ ရက်က စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

 

ပြည်သူ့အငှားအိမ်ရာ ငှားရမ်းနေထိုင်ခွင့်ကို လျှောက်ထားသူရဲ့ ဝင်ငွေပေါ်မူတည်ပြီး ဝင်ငွေနဲ့ ကိုက်ညီတဲ့ အိမ်ခန်းကို ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ ငှားရမ်းနေထိုင်ခွင့် သက်တမ်းကို တစ်ကြိမ်လျှင် ငါးနှစ်နဲ့ အများဆုံးနှစ်ကြိမ် နေထိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း၊ နှစ်စဉ် အိမ်ငှားဦးစီး ကိုယ်တိုင် သက်တမ်းတိုးခြင်းကို ဆောင်ရွက်ရမည်ဖြစ်ပြီး Disable၊ သက်ကြီးရွယ်အို၊ မှီခိုမရှိသူ များအနေနဲ့ ဆက်လက်ငှားရမ်းနေနိုင်ရေး အိမ်ခန်းနေရာချထားရေးကော်မတီရဲ့ ထောက်ခံချက်နဲ့ ဆောင်ရွက်နိုင်ကြောင်း သိရသည်။

 

အဆိုပါ အိမ်ရာစီမံကိန်းတွင် ၆၆၆ စတုရန်းပေ အကျယ်ရှိ လေးခန်းတွဲ ငါးထပ် အဆောက်အအုံ ၉၁ လုံး၊ အိမ်ခန်းယူနစ်ပေါင်း ၁၄၅၆ ခန်းပါဝင်သည်။ အိမ်းခန်းငှားရမ်းခ ပျမ်းမျှတစ်လလျှင် ၄၀၀၀၀ ကျပ်မှ ၅၀၀၀၀ ကျပ်ကြား၊ အထပ်အနိမ့်အမြင့်ပေါ် မူတည်၍ သတ်မှတ်သွား မည်ဖြစ်ကြောင်း သိရှိရပြီး အိမ်ခန်းချထားရေးမူဝါဒနှင့် အိမ်းခန်းငှားရမ်းခ ဈေးနှုန်းသတ်မှတ် ချက်အား ဦးစီးကော်မတီနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)