မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း ရေစီးရေလာ ကောင်းမွန်ရေးလုပ်ငန်းများ ရန်ကုန်မြို့တော်ဝန် ကွင်းဆင်းစစ်ဆေး

ရန်ကုန် ဧပြီ ၂၄

 

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များနှင့်အတူ ယနေ့ နံနက် ၆ နာရီတွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်၊ စက်ရုံလမ်းရှိ မအူကုန်းစည်ပင် အိမ်ရာဝင်းအတွင်း ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး၊ ပုဇွန် အမျိုးမျိုးတို့ကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များ လတ်ဆတ်စေရေး၊ အလေးချိန်ခွင် တိကျမှန်ကန်စေရေးနှင့် ဈေးရောင်း/ဈေးဝယ်သူများ နှာခေါင်းစည်း (Mask) တပ်ဆင်ရန် ကြပ်မတ်ဆောင်ရွက်ရေးတို့ကို မှာကြားသည်။

 

mdn

 

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် စီမံရေးရာဌာန၊ ဝန်ထမ်းသင်တန်းကျောင်းနှင့် အားကစားရုံများကိုလည်းကောင်း၊ အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု) မှ လွတ်လပ်ရေး ရပ်ကွက်နှင့် သိမ်ဖြူမီးရထားရပ်ကွက်၊ ဗိုလ်မင်းရောင် လမ်းတစ်လျှောက်၊ ဗိုလ်မင်းရောင်မြောင်းနှင့် Culvert များ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် Excavator ယန္တရားယာဉ်များ၊ မြောင်းရှင်းလုပ်သားများဖြင့် အမှိုက်နှင့်မြောင်းချေးများ ဆယ်ယူ ရှင်းလင်းနေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဗိုလ်မင်းရောင်မြောင်း ရေဝင်ပေါက် ဖြတ်မြောင်းများ ပိတ်ဆို့မှုမရှိအောင် ရှင်းလင်းရေး၊ သိမ်ဖြူလမ်းထောင့် သိမ်ဖြူတော်ကြီးအနီး အမှိုက်များ၊ မြေပိုများ ရှင်းလင်းရေး၊ ဗိုလ်မင်းရောင် လမ်းတစ်လျှောက် သန့်ရှင်းသာယာ သပ်ရပ်ရေးတို့အား ဆောင်ရွက်သွားရန်မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်