မငြိမ်သက်နိုင်သေးသည့် ပါရီမြို့ပေါ်မှ ဆန္ဒဖော်ထုတ်မှုများ

ကလျာမိုးမြင့်

ပြင်သစ်နိုင်ငံမှာ အဝါရောင် ဝတ်ဆင်ထားကြသူတွေရဲ့ ဆန္ဒပြလှုပ်ရှားမှုကြီးဟာ ထူးထူးခြားခြား ငြိမ်သက်လျော့နည်းသွားတဲ့ အရိပ်အယောင်မျိုး မတွေ့ရတာကြောင့် ပါရီမှာ ဆူပူအုံကြွမှုကြီးတစ်ခု ပေါ်ပေါက်လာမယ့်အရေးကို ပြင်သစ်အစိုးရက အကြီးအကျယ် စိုးရိမ်နေရပါတယ်။

အစိုးရက ဘတ်ဂျက်အသုံးစရိတ်ထဲမှာ လောင်စာဆီ အခွန်တိုးမြှင့်ကောက်ခံမယ့် အစီအစဉ်ကို လက်လျှော့လိုက်ဖို့ လုပ်နေပြီလို့ဆိုပါတယ်။ လောင်စာဆီ အခွန်တိုးမြှင့်ကောက်ခံမယ့် အစီအစဉ်ဟာ ဆန္ဒပြပွဲတွေ စတင်ပေါ်ပေါက်လာရတဲ့ အကြောင်းအရင်းတစ်ခုပါ။ ဒါပေမယ့် အစိုးရနဲ့ အဝါရောင်ဝတ် ဆန္ဒပြသူတွေကြားမှာ မကျေနပ်မှုတွေကတော့ ပိုပြီးကြီးထွားလာနေသလို တခြားအကြောင်းကိစ္စတွေနဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ဆန္ဒဖော်ထုတ်မှုတွေလည်းပဲ ပေါ်ထွက်လာခဲ့ပါတယ်။

ကျောင်းတွေမှာလည်း ဆန္ဒပြပွဲတွေပေါ်ပေါက်

ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ကျောင်းပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲမှုပြုလုပ်ဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲတစ်ခုဖြစ်ပွားခဲ့ပြီး ဆန္ဒပြပွဲမှာ ပါဝင်တဲ့ လူ ၁၄ဝ ကျော်ကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။ မန်တက်စ်လာဂျိုလီမှာ ပြုလုပ်ခဲ့တဲ့ လူထုစုဝေး ချီတက်မှုဟာ ကျောင်းတစ်ကျောင်းရဲ့ရှေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ရဲတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ကာ အဆုံးသတ်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ဖော်ပြပါတယ်။ မာစီလီနဲ့ ပါရီလိုမြို့ကြီးတွေမှာရှိတဲ့ တခြားသော ကျောင်းအများအပြားကိုလည်း ပိတ်ထားခဲ့ရတယ်လို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် စနေနေ့တုန်းက စီစဉ်လှုပ်ရှားခဲ့တဲ့ အဝါရောင်ဝတ် ဆန္ဒပြသူတွေရဲ့ စုဝေးချီတက်မှုကတော့ အရှိန်အဟုန် မသေသေးပါဘူး။ ဆက်ပြီးတော့ လှုပ်ရှားနေပါတယ်။ မကြာသေးခင်က ဖြစ်ပွားလိုက်တဲ့ ဆန္ဒဖော်ထုတ်မှုတွေက ကြမ်းတမ်းတဲ့ အခြေအနေကို ရောက်ခဲ့တာကြောင့် သန်းပေါင်းများစွာသော ဥရောပနိုင်ငံသားတွေကို ထိခိုက်စေခဲ့ပါတယ်။

ဝန်ကြီးချုပ်ဘယ်လိုတုံ့ပြန်သလဲ

ပြင်သစ်ဆီးနိတ်လွှတ်တော်ရှေ့မှာ မိန့်ခွန်းပြောကြားခဲ့တဲ့ ဝန်ကြီးချုပ် အက်ဒဝပ်ဖိလစ်ပီက ပြင်သစ်နိုင်ငံအနှံ့အပြားမှာ ရဲအရာရှိ ၆၅ဝဝဝ ကို တာဝန်ချထားတဲ့အပြင် ဒီထက်ပိုပြီး ထူးခြားတဲ့ အရေးယူဆောင်ရွက်မှုတွေကို စနေနေ့မှာ ထပ်မံပြုလုပ်သွားရလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
လောင်စာဆီ အခွန်တိုးမြှင့်ကောက်ခံမှုကို စွန့်လွှတ်လိုက်ကြောင်း အတည်ပြုလိုက်ပြီး ဝန်ကြီးချုပ်ဖိလစ်ပီက နိုင်ငံတစ်ဝန်းမှာ ဆန္ဒပြသူအများစု ငြိမ်ဝပ်သွားဖို့ပါရီမှာ ပြင်းထန်တဲ့ ရုန်းရင်းဆန်ခတ်မှုတွေ မြင်တွေ့ခဲ့ရတယ်လို့ ဆီးနိတ် လွှတ်တော်အမတ်တွေကို ပြောကြားခဲ့ပါတယ်။ ဒီလိုဖြစ်တာတွေအတွက် တခြားသူတွေလိုမျိုး အပြစ်ပုံချဖို့ ကျွန်ုပ်မကြိုးစားပါဘူး။ နှစ်စဉ်နှစ်တိုင်းမှာ ရွေးကောက်ပွဲတွေ ကျင်းပပြီးတိုင်း ပြည်သူလူထုရဲ့ မကျေနပ်မှုတွေက မြင့်တက်လာစမြဲပဲလို့ ခံစားနေရကြောင်း ၎င်းကပြောပါတယ်။ ပြင်သစ်သတင်းမီဒီယာက မစ္စတာဖိလစ်ပီဟာ အကယ်၍ လမ်းတွေပေါ်မှာ အတားအဆီးတွေ ပိတ်ဆို့ထားမယ်ဆိုရင် ပါရီမှာရှိတဲ့ လမ်းတွေကို ရှင်းဖို့ သံချပ်ကာယာဉ်တွေကို ချထားဖို့ ရှိမရှိကို လာမယ့် စနေနေ့မှာ စဉ်းစားဆုံးဖြတ်မှာ ဖြစ်တယ် လို့ သိရပါတယ်။

အစိုးရက ဘာကိုပူပန်နေသလဲ

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်မှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုဟာ ဆယ်စုနှစ်များစွာအတွင်းမှာ တွေ့မြင်ခဲ့ရတဲ့ အဆိုးရွားဆုံး အဓိကရုဏ်း ဖြစ်ပွားမှုအသွင် ရောက်ရှိခဲ့ပြီး ဒဏ်ရာရရှိသူတွေ၊ ဖမ်းဆီးခံရသူတွေ ရာနဲ့ချီပြီး ရှိခဲ့ပါတယ်။ သို့သော်လည်းပဲ တရားဝင် ဦးဆောင်သူ သို့မဟုတ် ဗဟိုဖွဲ့စည်းပုံတစ်ခုခု မပါဘဲ အစွန်းရောက်တွေနဲ့ ပြဿနာရှာသူတွေဟာ လူထုစုဝေးချီတက်မှုတွေမှာ ပါဝင်နေပြီး ဆူပူမှုတွေဖြစ်အောင် လှုံ့ဆော်နေကြောင်း သံသယဖြစ်စရာ ရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးက ယခုရက်သတ္တပတ် အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။
အဆက်မပြတ် ပေါ်ထွက်လာနေတဲ့ ရုန်းရင်းဆန်ခတ်မှုတွေနဲ့ပတ်သက်ပြီး အစိုးရဘက်က စိုးရိမ်ပူပန်မှုတွေ ရှိလာတယ်ဆိုတာကို သမ္မတအိမ်တော် သတင်းရင်းမြစ်တွေက ဖော်ပြခဲ့ပါတယ်။ ဒီလို ဖြစ်နေတာတွေအပေါ် အဖြေရှာဖို့ မလိုလားသူတွေနဲ့ပတ်သက်ပြီး စိုးရိမ်စရာတစ်ခု ဖြစ်နေတယ်လို့ ပြင်သစ် ကျန်းမာရေးဝန်ကြီး Agnes Buzyn က ကြာသပတေးနေ့ နံနက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။

အစိုးရဟာ အရေးကြီးတဲ့ အမျိုးသား အထိမ်းအမှတ် ကျောက်တိုင်ကို တပ်မတော်က ကာကွယ်စေဖို့အတွက် စဉ်းစားနေတယ်လို့ ပြင်သစ် အသံလွှင့်ဌာန BF MTV က သတင်းဖော်ပြခဲ့ ပါတယ်။ ဆန္ဒပြမှုတွေကြောင့် ရဲတပ်ဖွဲ့နဲ့ ဒေသအာဏာပိုင်တွေရဲ့ မေတ္တာရပ်ခံချက်အရ ဘောလုံး ပွဲစဉ်တွေ အများအပြားကိုလည်း ရွှေ့ဆိုင်းခဲ့ရပါတယ်။

ဆန္ဒပြပွဲတွေ ဘယ်လို့ပျံ့နှံ့သွားခဲ့သလဲ

အဝါရောင်ဝတ် ဆန္ဒပြသူတွေဟာ လောင်စာဆီ အခွန်တိုးမြှင့်ကောက်ခံမှုနဲ့ ပတ်သက်ပြီး မကျေနပ်မှုတွေ စတင်လာတာပါ။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ဒီလှုပ်ရှားမှုဟာ ဗဟိုဦးဆောင်သူတွေ မပါပေမယ့် အစိုးရကို တောင်းဆိုတဲ့အချက် ၄ဝ မက ရှိခဲ့ပါတယ်။ တောင်းဆိုချက်တွေထဲမှာ အနိမ့်ဆုံး ပင်စင်လစာ၊ အခွန်ကောက်ခံမှုစနစ်ကို ကျယ်ကျယ်ပြန့်ပြန့် ပြောင်းလဲမှုတွေ ပြုလုပ်ဖို့နဲ့ ပင်စင်ခံစားခွင့် အသက်အရွယ်ကို လျှော့ချပေးဖို့ ဆိုတဲ့ တောင်းဆိုချက်တွေ ပါဝင်နေပါတယ်။

အစိုးရက စိုးရိမ်ဖွယ်ရာဖြစ်နေတဲ့ အချက်တချို့ကိုတော့ ဝန်ခံခဲ့ပြီးဖြစ်သလို ၎င်းအာဏာရရှိပြီးချိန်မှာ အခွန်အခနဲ့ပတ်သက်ပြီး ပြန်လည်စဉ်းစား သုံးသပ်ကောင်း သုံးသပ်နိုင်ကြောင်း ပြောခဲ့ပြီး ဖြစ်ပါတယ်။ 

ကျောင်းသားတွေ ဘာကိုဆန္ဒပြနေကြသလဲ

ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ကျောင်းသား လူငယ်တွေဟာ လမ်းမတွေပေါ် ချီတက်ပြီး ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ဆန္ဒ ဖော်ထုတ်ခဲ့ကြပါတယ်။ ပြင်သစ်သမ္မတ မက်ခရွန်ရဲ့ အစိုးရအဖွဲ့ဟာ တက္ကသိုလ် ဝင်ရောက်ခွင့် ကျောင်းစာမေးပွဲစနစ် ပြီးဆုံးမှုကို အပြောင်းအလဲ ပြုလုပ်ဖို့ မျှော်လင့်နေပါတယ်။ လွန်ခဲ့သော နှစ်ပေါင်း၂ဝဝ ကျော် နပိုလီယံလက်ထက်မှာ ကတည်းက ဒါကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာဖြစ်ပြီး စာမေးပွဲ အောင်မြင်တဲ့ ကျောင်းသားတွေက ဒေသဆိုင်ရာ တက္ကသိုလ်ဝင်ရောက်ဖို့ စာရင်းသွင်းခံရပါတယ်။ ဒီလိုဝင်ရောက်ရာမှာ ကျောင်းသားအများစုဟာ ပထမနှစ်ကို ပြီးဆုံးခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဘော်ဒိုးနဲ့ တူးလုစ် တို့မှာလည်း အလားတူ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ဒါပေမယ့် အများစုဟာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုတွေပဲ ဖြစ်ပါတယ်။ ယခုရက်သတ္တပတ်အတွင်းမှာ ကျောင်းတွေရာနဲ့ချီ ပိတ်ထားလိုက်ရပါတယ်။ ဒါပေမယ့် ဆန္ဒပြပွဲမှာ ပါဝင်တဲ့ လူငယ်တွေကတော့ အဝါရောင်အင်္ကျီတွေကို ဝတ်ဆင်ထားခြင်းမရှိပါဘူး။ ပညာရေးစနစ် ပြုပြင် ပြောင်းလဲဖို့ အဆိုပြုထားတာနဲ့ ပတ်သက်ပြီး အစိုးရအပေါ် မကျေနပ်မှုတွေက အဝါရောင်ဝတ် ဆန္ဒပြသူတွေ အောင်ပွဲရအောင် အားဖြည့်ပေးရာ ရောက်နေတယ်လို့ ပြင်သစ် နေ့စဉ်သတင်းစာ လီမွန်ဒီမှာ ဖော်ပြခဲ့ပါတယ်။ ဆန္ဒပြလှုပ်ရှားမှုကြီးဟာ ထူးထူးခြားခြား ငြိမ်သက်လျော့နည်းသွားတဲ့ အရိပ်အယောင်မျိုး မတွေ့ရတာကြောင့် ပါရီမှာ ဆူပူအုံကြွမှုကြီးတစ်ခု ပေါ်ပေါက်လာမယ့် အရေးကို ပြင်သစ်အစိုးရက အကြီးအကျယ် စိုးရိမ်နေရပါတယ်။ 

အေအက်ဖ်ပီ၊ ဘီဘီစီ