မွန်ဂိုလီးယားနိုင်ငံ၏မြို့တော်၌ နွေဦးရာသီ ရေကြီးရေလျှံမှုသတိပေးချက်ထုတ်ပြန်

ဖေဖော်ဝါရီ ၁၅

မွန်ဂိုလီးယားနိုင်ငံ၏မြို့တော်အရေးပေါ်ဆိုင်ရာကော်မရှင်အဖွဲ့က နွေဦးရာသီ ရေကြီးရေလျှံမှုသတိပေးချက်တစ်ခုကို ယနေ့တွင်ထုတ်ပြန်ခဲ့သည်။ ရုတ်တရက်အပူချိန်ပိုမိုမြင့်မားလာခြင်းသည် နှင်းထုနှင့်ရေခဲများကို လျှင်မြန်စွာ အရည်ပျော်ကျစေပြီး မြို့တော်ရှိ နေရာ ၃၀ ထက်မနည်းတွင် ရေကြီးရေလျှံမှုများ ပိုမိုများပြားလာသည်ဟု ထိုကော်မရှင်က ဆိုသည်။ ရေဘေးသင့်နိုင်သည့် ဒေသခံများအား ဘေးကင်းရာသို့ရွှေ့ပြောင်းကြရန် မွန်ဂိုလီးယားနိုင်ငံဝန်ကြီးချုပ်က ညွှန်ကြားထားသည်ဟု သိရသည်။ မြို့တော် Ulan Bator တွင် နိုင်ငံလူဦးရေ ၃ ဒသမ ၅ သန်း၏ထက်ဝက်နီးပါး နေထိုင်ကြောင်း ဖော်ပြထားသည်။ ယခုနှစ်ဆောင်းရာသီတွင် ခါတိုင်းထက်နှင်းများကျဆင်းမှုပိုမိုများပြားပြီး နိုင်ငံ၏ ၉၀ ရာခိုင်နှုန်းနီးပါးသည် လက်ရှိအချိန်အထိ ဖုံးလွှမ်းနေသောနှင်းထုအထူ စင်တီမီတာ ၁၀၀ ရှိသည်ဟု မိုးလေဝသစောင့်ကြည့်ရေးအေဂျင်စီက ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို