မွန်ဂိုလီးယားနိုင်ငံ၌ နှင်းမုန်တိုင်းသတိပေးချက်ထုတ်ပြန်

နိုဝင်ဘာ ၁၃

မွန်ဂိုလီးယားနိုင်ငံတွင် လာမည့်နှစ်ရက်အတွင်း နှင်းများထူထပ်စွာကျဆင်းနှင့် နှင်းမုန်တိုင်းများတိုက်ခတ်နိုင်ကြောင်း မိုးလေဝသနှင့် သဘာဝပတ်ဝန်းကျင်စောင့်ကြည့်ရေးဆိုင်ရာ အမျိုးသားအေဂျင်စီက ယနေ့တွင် ပြောကြားသည်။

အဆိုပါနှင်းမုန်တိုင်းများတိုက်ခတ်မှုကြောင့် လမ်းမများတွင် အမြင်အာရုံဝေဝါးမှုများ ဖြစ်ပေါ်နိုင်သည်ဟု ထိုမိုးလေဝသ စောင့်ကြည့်ရေးဆိုင်ရာအေဂျင်စီက ဆိုသည်။

သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်နိုင်မှုနှင့်ပတ်သက်ပြီး ကြိုတင်ကာကွယ်ရေးအစီအမံများ ပိုမိုပြုလုပ်ထားကြရန် အများပြည်သူများ အထူးသဖြင့် တိရစ္ဆာန်ထိန်းကျောင်းသူများနှင့် ကားမောင်းသမားများအား အေဂျင်စီကသတိပေး ပြောကြားထားသည်။

ယခုလအစောပိုင်းက နိုင်ငံအတွင်း နေရာအများအပြားတွင် နှင်းများထူထပ်စွာကျဆင်းခြင်းနှင့် နှင်းမုန်တိုင်းများ တိုက်ခတ်ခြင်းတို့ကြောင်း တိရစ္ဆာန်ထိန်းကျောင်းသူရှစ်ဦး သေဆုံးခဲ့သည်။

မွန်ဂိုလီးယားနယ်မြေ၏ ၆၀ ရာခိုင်နှုန်းနီးပါးသည်လက်ရှိအချိန်အထိ နှင်းများဖြင့် ဖုံးလွှမ်းနေသည်ဟု ထိုအေဂျင်စီက ဆိုသည်။

ကုန်းတွင်းပိတ်နိုင်ငံဖြစ်သော မွန်ဂိုလီးယားသည် အေးခဲသောဆောင်းရာသီရှည်လျားပြီး ပူနွေးသောနွေရာသီ တိုတောင်းကာ ရာသီဉတုပြင်းထန်သည့်နိုင်ငံဖြစ်သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို