မွန်ဂိုလီးယားနိုင်ငံသို့ တစ်ရက်အတွင်း ခရီးသွားဝင်ရောက်မှု ၅၁၇၄ ဦးရှိရာ ခရီးသွားအရေအတွက်အမြင့်မားဆုံးဖြစ်

ဇူလိုင် ၂

မွန်ဂိုလီးယားနိုင်ငံသို့ ယနေ့တစ်ရက်တာအတွင်း ခရီးသွားဝင်ရောက်မှုအရေအတွက် အမြင့်မားဆုံးစံချိန်တင်ခဲ့ကြောင်း သဘာဝပတ်ဝန်းကျင်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

ဇူလိုင်လ ၂ ရက်တွင်  နိုင်ငံခြားခရီးသွား ၅၁၇၄ ဦး ဝင်ရောက်ခဲ့သည်ဟု ထိုဝန်ကြီးဌာနက ဖော်ပြထားသည်။ ယနေ့အတွင်း နိုင်ငံခြားခရီးသွားဝင်ရောက်မှုအရေအတွက်သည် လွန်ခဲ့သောနှစ် ဇူလိုင်လလယ်ပိုင်းက  တစ်ရက်တာအတွင်း စံချိန်တင် နိုင်ငံခြားခရီးသွားဝင်ရောက်မှု ၄၄၈၅ ဦးထက် ကျော်လွန်သွားခဲ့သည်။

မွန်ဂိုလီးယားနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိကို မွန်ဂိုလီးယားခရီးသွားနှစ်အဖြစ် သတ်မှတ်ထားပြီး နှစ်စဉ် နိုင်ငံခြားခရီးသွား တစ်သန်းထက်မနည်း ဝင်ရောက်ရန်မျှော်မှန်းထားသည်။

ယခုနှစ်အတွင်း နိုင်ငံခြားခရီးသွားဝင်ရောက်မှု ၃၁၄၁၄၈ ဦး ရှိသည်ဟု သိရသည်။ လွန်ခဲ့သောနှစ်က နိုင်ငံခြားခရီးသွား ၆၅၀၀၀၀ ကျော် ဝင်ရောက်ပြီး ခရီးသွားကဏ္ဍမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ ဝင်ငွေရရှိကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို