မင်းကုန်းစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်း ကြည့်ရှုစစ်ဆေး 

နေပြည်တော် ဇန်နဝါရီ ၂၄

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဒေါက်တာသန်းမြင့်တို့ ဦးဆောင်သောအဖွဲ့သည် ယနေ့တွင်  ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်အတွင်းရှိ မင်းကုန်းစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးရာတွင် ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်းသား လုပ်အား ရှင်များကို အုပ်စုလိုက်ခွဲ၍ တွေ့ဆုံကာ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိမည့် အခွင့်အရေး ဖြစ်သော နေထိုင်စားသောက်မှု၊ ကျန်းမာ‌‌ရေးစောင့်ရှောက်မှု ရှိမရှိ၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာရရှိခြင်း ရှိမရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင် ပစ္စည်းများရရှိခြင်း ရှိမရှိနှင့် စိုက်ပျိုး မွေးမြူရေးစခန်းများအတွင်း ညှဉ်းပန်းနှိပ်စက်မှု ရှိမရှိ စသည်တို့ကို မေးမြန်းမှတ်တမ်းတင်သည်။


ယင်းနောက် အကျဉ်းသား လုပ်အားရှင်များ၏ အိပ်ဆောင်များ၊ ဆေးခန်း၊ စာကြည့်တိုက်၊ စားဖို ကြီး၊ ရိက္ခာစတို၊ သောက်ရေနှင့်သုံးရေကန်များ၊ အတွင်း/အပြင် မိလ္လာများ သန့်ရှင်းမှု ရှိမရှိတို့ကို လည်းကောင်း၊ လတ်တလော ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် စပ်လျဉ်း ၍ ဆောင်ရွက်ထားရှိမှုတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် စိုက်ပျိုး မွေးမြူရေး စခန်းအတွက် ကော်မရှင်မှ ဗဟုသုတရဖွယ်ရာ စာအုပ်စာပေ များကိုလှူဒါန်းသည်။

ယင်းနောက် အဖွဲ့၏ ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်များအတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာသို့ အကြံပြုပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်