မင်းလှမြို့၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများကို စစ်ဆေးရာ (၄၈)ဦးတွင် ရောဂါပိုးတွေ့ရှိ

မင်းလှ ဇွန် ၂၉

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သည့် ၃၀ ဦးကို ဇွန် ၂၈ ရက်က သက်ဆိုင်ရာ Quarantine Center များ၌ Swab နမူနာယူ စစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူနှင့် ထိစပ်သူ၊ သံယလူနာ ၉၈ ဦးကို RDT Test kit ဖြင့် စစ်ဆေးခဲ့ရာ ၄၈ ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ပြီး ရောဂါပိုးမတွေ့ရှိသူများကို နေအိမ် Home Quarantine ထားရှိမည်ဖြစ်ကြောင်းနှင့် ဒုတိယအကြိမ် Swab ယူကာ ပြန်လည်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများကို ပထမအကြိမ် RDT Test kit ဖြင့် စစ်ဆေးခဲ့ရာ ရောဂါပိုးမတွေ့ရှိခဲ့သဖြင့် ထပ်မံ၍ သေချာမှုရှိစေရန် ဒုတိယအကြိမ် ၂၀၉ ဦးအား PCR ဖြင့် Swab နမူနာရယူကာ (NHL) ရန်ကုန်အမျိုးသား ဓာတ်ခွဲဌာနသို့ ပို့ဆောင်စစ်ဆေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသည့် ၄၈ ဦးအား ပရဟိတအသင်းအဖွဲ့များက မြို့နယ်ပြည်သူ့ဆေးရုံ၊ ပြည်တော်သာ အိုးအိမ်ဝန်ထမ်းအိမ်ရာသစ်နှင့် စစ်ကွင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ကျန်းမာရေးဦးစီးဌာနက စောင့်ကြည့်ကုသပေးလျက်ရှိသည်။

မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၁၉၀ ဦးရှိပြီး၊ ဆေးရုံဆင်းခွင့်ရသူ ၂၅ ဦးရှိကြောင်း၊ ကျန်ရှိသော ၁၆၅ ဦးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ပေါက်စ (မင်းလှ)