မင်းလှမြို့၌ Mobile Test  Kits စစ်ဆေးရေး မော်တော်ယာဉ်ဖြင့် ကျေးရွာများအရောက် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးပေး

အထက်မင်းလှ ဩဂုတ် ၂၈

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ထိန်းချုပ်ရန်နှင့် ရောဂါကူးစက် ပြန့်ပွားမှု မရှိစေရန်အတွက် Mobile Test  Kits စစ်ဆေးရေး မော်တော်ယာဉ်ဖြင့် သြဂုတ် ၂၈ ရက် နံနက် ၉ နာရီက ရပ်ကွက်/ကျေးရွာများသို့ သွားရောက်၍ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။

 

မင်းလှမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျော့နည်းလာပြီဖြစ်သော်လည်း ရပ်ကွက်/ကျေးရွာများ၌ ရောဂါကူးစက်မှုများ ရှိနေသည့်အတွက် ရောဂါကူးစက်မှု မရှိစေရန်နှင့် ဖျားနာနေသူများ၊ သံသယရှိသူများအနေဖြင့် ရောဂါကူးစက်မှု ဆက်လက်မပြန့်ပွားစေရန် ရည်ရွယ်၍  မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပူး‌ပေါင်းအဖွဲ့က  Mobile Test  Kits စစ်ဆေးရေး မော်တော်ယာဉ်ဖြင့် ဒီးဒုတ်ကန်ကျေးရွာနှင့် အိုးဘိုကုန်းကျေးရွာတို့မှ ဖျားနာသူများ၊ သံသယရှိနေသူများအား ရောဂါပိုးရှိ/မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်‌ပေးပြီး‌ ရောဂါပိုး‌ တွေ့ရှိသူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သက်ဆိုင်ရာ တိုက်နယ်ဆေးရုံများ၌ ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

 

ဇာဇာ(အထက်မင်းလှ)