မင်းလှမြို့နယ် မုက္ခာရေတံခွန်၌ အပျော်တမ်းဆင်စီးနိုင်ရန် ဆင်စခန်းဖွင့်လှစ်ထားရှိ

မင်းလှ ၄ ဇန်နဝါရီ

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ရွေးကုန်းအုပ်စု  ဘန်ဘွေးကုန်းကျေးရွာအနီး မင်းလှ-စိန်ကန့်လန့်-မြို့ချောင်းသွားကားလမ်း မိုင်တိုင်အမှတ် ဝ/၆ မုက္ခာရေလှောင်တမံ၌ ဇန်နဝါရီ ၄ ရက် နံနက်၁၀ နာရီတွင် အပျော်တမ်းစီး ဆင်စခန်း   ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

ဖွင့်ပွဲကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းအောင်စိုး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်း၊ တိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်းမှ ဒုတိယအထွေထွေမန်နေဂျာ ဦးထွန်းထွန်းဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မုက္ခာရေတံခွန် ဆင်စခန်းဆိုင်းဘုတ်အား အမွှေးနံ့သာများဖြင့် ပတ်ဖျန်းပေးခဲ့သည်။

 

ဆင်စခန်းဖွင့်ပွဲတွင် တိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်းမှ ဒုတိယအထွေထွေမန်နေဂျာ ဦးထွန်းထွန်းဦးက အနယ်နယ်အရပ်ရပ်နှင့် မြို့နယ်အတွင်းရှိပြည်သူများ စိတ်အပန်းဖြေအနားယူနိုင်ရန်နှင့် တောတောင်သဘာဝအလှတရားများ ဆင်စီးပြီးလေ့လာကြည့်ရှု ခံစားနိုင်ရန် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

မြန်မာ့သစ်လုပ်ငန်း ခရိုင်တာဝန်ခံ ဦးသန်းမင်းဆွေက ဆင်စခန်းနှင့်ပတ်သက်၍ ဆင်များအား နားပေးပြီး ကျန်းမာရေး စောင့်ရှောက်ရာရောက်ပြီး ဆင်ဦးစီးများ၏ ကျွမ်းကျင်မှုများကို ပြသနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

အဆိုပါ ဆင်စခန်းတွင် ဆင်(၁၁)ကောင်ထားရှိပြီး နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၅ နာရီထိဖွင့်လှစ်ထားပြီး ဝင်ကြေးမှာ ၅၀ဝ ကျပ်သတ်မှတ်၍ ဆင်အစာများ ဝယ်ယူကျွေးမွေးနိုင်ကြောင်း၊ ဆင်စီးခမှာ ၂၀ဝ၀ ကျပ်နှုန်းဖြင့် ဆင်စိီးနိုင်ကြောင်း၊ ရေတံခွန်တွင် ရေကစားပြီး အပန်းဖြေအနားယူနိုင်ကြောင်း သိရသည်။

 

ပေါက်စ(မင်းလှ)