အထက်မင်းလှ ဇွန် ၁၀

 

မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် မြို့ပေါ်ရပ်ကွက်နှင့် သပြေတောကျေးရွာရှိ ပြည်သူများအား မျက်စိအတွင်းတိမ်နှင့် မျက်စိရောဂါ စမ်းသပ်စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းတွင် မင်းလှမြို့ ဦးကင်းဓမ္မာရုံနှင့် သပြေတောကျေးရွာရှိ ဘုန်းကြီးကျောင်း၌  ဆောင်ရွက်ပေးသည်။

 

မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာ ရေးနှင့်ကုသရေးဦးစီးဌာနက ဆောင်ရွက်သည့် သီတဂူစက္ခုဒါန အလှူတော်အတွက် တောင်တွင်းကြီးမြို့ မျက်ခမ်းစပ်ဌာနမှ ဆရာ ဆရာမများအဖွဲ့နှင့် မင်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာ စန်းစန်းမိုးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နေ အသက်(၄၀)နှစ်အထက် ပြည်သူ ၁၄၂ ဦးနှင့် သပြေတောကျေးရွာနေ အသက်(၄၀)နှစ်အထက် ပြည်သူ ၅၃ ဦးတို့အား သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ဆီးချိုရောဂါ စစ်ဆေးပေးခြင်း၊ အတွင်းတိမ်နှင့်မျက်စိရောဂါ အခမဲ့စမ်းသပ်စစ်ဆေးခြင်းတို့ ဆောင်ရွက်ပေးခဲ့ရာ မြို့ပေါ်ရပ်ကွက်နေ အတွင်းတိမ်သံသယလူနာ ၅၃ ဦးနှင့် သပြေတောကျေးရွာနေ အတွင်းတိမ် သံသယလူနာ ၁၁ ဦး စစ်ဆေးတွေ့ရှိခဲ့သည်။ အဆိုပါ အတွင်းတိမ်သံသယ လူနာစုစုပေါင်း ၆၄ ဦးအား သီတဂူမြင့်မိုရ်စက္ခုဒါနဆေးရုံ မကွေးမြို့သို့ အတွင်းတိမ် အခမဲ့ထပ်မံစစ်ဆေးခြင်း၊ ဆေးကုသပေးခြင်းတို့ ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

ဝင်းမြတ်(အထက်မင်းလှ)