မင်းလမ်းမ၊ ဥယျာဉ်တော်နှင့် မနော်ရမ္မံ

"ဂါထာနတ်ရုပ်၊ အင်းမြှုပ် အင်းနှံ၊ စီမံပယောဂ ၊ တေလကုမ္ဘ၊ ရာ့နှစ်ဆယ်ဝင်၊ လေးခွင်လေးထောင့်၊ ဂြိုဟ်နတ်စောင့်နှင့်၊ မြို့စောင့်နတ်ဂူ၊ ဆူဆူများစွာ၊ မြို့အင်္ဂါးလည်း၊ ဖွယ်ရာမကြွင်း" ဟူသော မဃဒေဝလာ အစီအမံအတိုင်း မန္တလေးမြို့တော်ကြီး စတင်တည်ထောင်စဉ် မြို့တော်လေးထောင့်တွင် ဆီအိုးကြီးများ မြှုပ်နှံပြီးသောအခါ ခုနစ်ဌာနကို အုတ်စီခင်း၍ တံခါး ၁၂ ရပ် တိုင်ထူခဲ့သည်။

 

p2

 

မြို့တည် နန်းတည် ခုနစ်ဌာန

ခုနစ်ဌာနတွင် မဟာလောကမာရဇိန် စေတီတော်ပါ၏။ အတုလဝေယံကျောင်းတော် ပါရှိ၏။ 

မဟာလောကမာရဇိန် ဘွဲ့တော်ချီသော စေတီတော်ကြီးမှာ ၁၂၂၁ ခု ကဆုန်လပြည့်ကျပ် ၇ ရက်နေ့တွင် ရွှေမြို့တော်ကြီးနှင့်တစ်ပြိုင်နက် အုတ်စီခင်း စတင်တည် လုပ်ခဲ့ရာ ၁၂၂၄ ခု ဝါဆိုလတွင် ပြီးစီး၍လပြည့်ကျော် ၉ ရက်နေ့ နေ့ တစ်ချက်တီးကျော် ငါးမောင်းအချိန်တွင် ရွှေထီးအထွတ်တင်လှူပြီး ကမ္ပည်းတပ်တော်မူခဲ့သည်။ ဘဝရှင် မင်းတုန်းမင်းတရားကြီး၏ ကောင်းမှုကုသိုလ် တော်ဖြစ်၏။ မြို့တော်သူမြို့တော်သားတို့က "ကုသိုလ်တော်ဘုရား" ဟု ခေါ်ဆိုခဲ့ကြသည်။ ဘုရစရိုဏ်တွင် ပိဋကတ် ကျက်စားတော်ပေါင်း ၇၂၉ ဆူ ရှိ၏။

"မဟာအတုလဝေယံ" ကျောင်းတော်ကြီး

မဟာအတုလဇယာရာမ တိုက်တော်အတွင်းရှိ “မဟာအတုလဝေယံ" ကျောင်းတော်ကြီးမှာလည်း မြို့တော် ကြီးနှင့်တစ်ပြိုင်နက် ပန္နက်ချလုပ်ဆောင်ခဲ့သည်မှာ ၁၈ နှစ်အကြာ ၁၂၃၉ ခု တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင် အပြောက်အမွမ်းနှင့် လုပ်ဆောင်ပြီးပေသည်။ ဘုံငါးဆင့်ရှိ၏၊ ရွှေပိန်းချ၏။ ကွန်းစင်တိုင် အမြင့် ၆၃ တောင်၊ တိုင်ပေါင်း ၂၄၆ တိုင်ဖြင့် ခမ်းနား၏။ မံဘုရားဆင်းတုတော်ကြီးတွင် ဥဏ္ဏလုံမွေးရှင်တော်ပြု၍ တပ်ဆင်ထားသော ရတီချိန် ၁၀၀ ကျော် မဟာစိန်ကလေးရှိ၏။ အဆိုပါ ကျောင်းတော်ကြီးကို အတွင်းဝန် မင်းကြီး ဆောက်လုပ်ခဲ့သည်။

ပဒေသရာဇ်၏ ရွှေရောင်လွှမ်းသော လမ်းမကြီး

ရွှေမြို့တော်ကြီးနှင့်တစ်ပြိုင်နက် ပန္နက်ချတည်တော်မူခဲ့သော ကုသိုလ်တော်ဘုရား၏ အရှေ့မုခ်နှင့် အတုလဝေယံကျောင်းတော်ကြီး၏ အရှေ့မုခ်ကိုပြန့်ပြူးဖြောင့်စင်းသည့် မြေနီသရွတ်ကျံလမ်းနှင့် ဆက်သွယ်ထား သေချာသည်။ ရှင်ဘုရင်ကောင်းမှုများချည်းမို့ ထိုလမ်းစပေါ်တွင် သဲဖြူခင်းရာဇမတ်ကာ၊ ငှက်ပျောပင်တို့ စိုက်ထားပေမည်။ ပိုးဖဲကတ္တီပါ ရွှေချည် ငွေချည်ထိုး မင်းခမ်းမင်းနားများ မကြာဏ ကျင်းပပြုလုပ်ပေမည်။ မောင်သံတဟီဟီ၊ စည်တော်သံရွမ်းဖြင့် ဘုန်းမိုးသွန်းလောင်းက မကြာခဏ ဖြစ်ပေမည်။ ယခုအခါ ထိုကျောင်း တိုက်ကြီးများသည် ၁၂လမ်းကြီး အရှေ့ဘက်ကပ်လျက် ၁၂ လမ်းမှသည် ၃၅လမ်းအထိ ဆက်လျက်ရှိ၏။ ထို့ကြောင့် ၆၂လမ်း၏ မြောက်ဘက်မှသည် တောင်ဘက် ၃၅ လမ်းအထိက ရတနာပုံခေတ်၏ ရှင်ဘုရင်၊ မိဖုရားတို့ ထွက်စည်ဝင်စည်ဖြင့် ပွဲကြီးခြိမ့်ခြိမ့်သဲ ကျင်းက မင်းလမ်း စိုစလမ်း ဖြစ်ခဲ့သည်မဟုတ်လော ။

ပဒေသရာဇ်၏ ရွှေရောင်လွှမ်းသော လမ်းမကြီး ဖြစ်ခဲ့ဖူးသည် မဟုတ်လော။

ဘဝရှင်မင်းတရားကြီး၏ ကုသိုလ်တော်နှင့် တစ်ဆက်တည်း

ထို့အပြင် မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရား အရှေ့မုခ်နှင့် မျက်နှာချင်းဆိုင်မှစ၍ မြောက်မှ တောင်သို့ မဟာဝိဇယပုညကျောင်းတိုက်၊ ဝဇီရာ ရာမစိန်တုံးတိုက်၊ မတ္တရာကိုက်၊ သက်ပန်းတိုက်၊ မင်္ဂလာရာမမောင်းထောင်တိုက်၊ မဟာဝိဇယာရာမ ခင်မကန်တိုက်၊ ရွှေကူကိုက်၊ တကောင်းတိုက်၊ မဟာဝိသုဒ္ဓါရာမ အင်းကမ်း ကိုက်၊ မဟာဓမ္မိကာရာမ စလင်းကိုက်၊ ဝိစိတ္တာရာမ မာရ်အောင်တိုက်၊ ဆင်တဲတိုက်၊ လယ်ကိုင်းတိုက်၊မက္ခရာ တိုက်၊ ငါးဆူတိုက်၊ စည်ပုတ္တရတိုက်၊တွင်းကြီးတိုက် ၊ စလင်းတိုက်သစ်၊ လှတွေတိုက်-စသည့် စိန်တုံးမိဖုရား လောင်းရှည်မိဖုရား၊ သက်ပန်းမိဖုရား၊ ရတနာဒေဝီ နန်းမတော်မိဖုရားကြီး၊ အနောက်နန်းမိဖုရား၊ အလယ်နန်းရှင် ဆင်ဖြူမရှင်မိဖုရား၊ တောင်နန်းမတော် မိဖုရား၊ ဒေဝီစု မိဖုရားကြီး၊ ရွှေဘိုမင်းမိဖုရားခေါင်ကြီးနှင့် သီပေါမင်း စုဖုရားလတ်တို့၏ ကုသိုလ်ကျောင်းတိုက်ကြီးများသည်လည်း ဘဝရှင်မင်းတရားကြီး၏ ကုသိုလ်များနှင့် တစ်ဆက်တည်း တန်းလျက်တည်ရှိသည်။ (ယခုအချိန်မှာတော့ ထိုကျောင်းတိုက်ကြီးအများစု၏ မူလအမည်များ မရှိကြတော့တာ ဝမ်းနည်းဖွယ် ဖြစ်သည်)

“ဥယျာဉ်မြို့တော်” ဟူသည် ရတနာပုံခေတ်ကတည်းက

တကယ်တော့ "ဥယျာဉ်မြို့တော်" ဟူသည် ရတနာခေတ်ကတည်းက မန္တလေးတွင် စတင်ခဲ့၏။ လေးပြင်ရပ် ဥယျာဉ်တော်များရှိ၏။ မန္တလေးတွင် ရတနာပုံမြို့တော်ကြီး တည်ဆောက်မှုနှင့်အတူ မြို့၏အရှေ့ဘက်ခြမ်းတွင် ဥယျာဉ်တော်ကြီး ၂၀ ကိုလည်း မင်းတုန်းမင်းကြီး ကိုယ်တိုင် တည်ထောင်ခဲ့သည်။ မင်းကြီး မဟာဇေယျသူ ဘွဲ့ခံညာရှိအမတ်ပြောင်လှမြို့စား နိုင်ငံခြားဝန်ထောက်မင်း ဦးချိန်သည် အမှာတော်ရေးရာထူးနှင့် အမှုထမ်းစဉ်က မင်းတုန်းမင်းတရားကြီးထံ ဥယျာဉ်တော် ၂၀ ရပ် အကြောင်း ပတ်ပျိုးသီချင်းကြီးကို တင်သွင်းခဲ့လေသည်။ ရတနာပုံရွှေမြို့တော်ကြီး၏အရှေ့မျက်နှာ မျက်ရတနာ နဒီမြစ်၏ အရှေ့ဘက်လမ်းတစ်လျှက် မန္တလေးတောင် ၏အရှေ့ဘက်တည့်တည့်မှ တောင်ဘက်ကို တာတစ်ထောင်ကျင်ခန့် အလျာထားပြီးလျှင် အရှေ့အနောက် အကျယ်အနံတာတစ်ရာငါးဆယ်ဘွဲ့၍ ဥယျာဉ်တော်ကြီး ၂၀ ကို ဝန်ကြီး၊ အတွင်းဝန်၊ ဝန်ထောက်မှစ၍အသီးသီး ခွဲကြီးကြပ်စေလျက် စိုက်ပျိုးပြုစုစေခြင်းဖြစ်သည်။

ဥယျာဉ်တော်ကြီး ၂ဝ

ထိုဥယျာဉ်တော်များမှာ မြောက်မှတောင်သို့ အစဉ်အလာအတိုင်း (၁) မဟာဟေမာဇလ (၂) မဟာအာသောက၊ (၃) ကဉ္ဓနကေသီ။ (၄) မဟာသီရိသုန္ဒ၊ (၅) မဟာဘုဉ္ဇရိက၊ (၆) မဟာဂီရဏ္ဍပ၊ (၇) မဟာသိရီသိဒ္ဓ၊ (၈) မဟာဇေယပထ (၉) မဟာသီရိမန္ဒာဝရ၊ (၁၀) မင်္ဂလာဥယျာဉ်တော်။ (၁၁) မဟာသီရိဟေမဝန်၊ (၁၂) မဟာသီရိမနေထရ၊ (၁၃)မဟာပဒုမ၊ (၁၄) မဟာမေလသဝန်၊ (၁၅) မဟာသီရိမဟိသရ၊ (၁၆) မဟာသီရိမုဒ္ဓိက၊ (၁၇) မဟာဒေဝတာ၊ (၁၈) မဟာသီတလ၊ (၁၉) မဟာသီရိမနောရမ္မာနှင့် မန္တလေးတောင်နောက်ဘက်မှ (၂၀) မဟာဂီရိစိတြဝန် ဥယျာဉ်တော်တို့ဖြစ်သည်။ အဆိုပါ ဥယျာဉ်တော်များက သစ်သီးသစ်ပွင့်ရသည်ကို အမိန့်တော်နှင့် ရွှေမြို့တော်ရှိ ကျောင်းတိုက်ကြီးများသို့

မပြတ်လှူဒါန်းကြရ၏။ ထိုဥယျဉ်တော်ကြီး ၂ဝ တွင်နောက်ပိုင်း၌ နာမည်အဖြစ်သာ ရင်းနှီးကျွမ်းဝင်သော ဥယျာဉ်မှာ မင်္ဂလာယျာဉ်နှင့် မဟာသီရိ မနာရမ်မာ(မနောရမ္မံ)ဥယျာဉ် ဖြစ်သည်။ ကျန်ဥယျာဉ်ကြီးများမရှိတော့။ မင်္ဂလာဥယျာဉ်တော်မှာ ရပ်ကွက်အနေနှင့်သာကျန်ရှိပြီး မနော်ရမ္မံယျာဉ်တော်မှာ ယခုလည်း အပန်းဖြေမျာဉ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ကြီးရှိသည်။

သီရိမနော်ရမ္မံ ဥယျာဉ်တော်

သီရိမနော်ရမ္မံ ဥယျာဉ်တော်သည် ကျယ်ဝန်းကာ ကျုံးခြင်းများရှိသည်။ အရှေ့တွင် နန်းတော်ထွက်၊ အရှေ့တောင်စွန်းတွင် ဘုရားရှိသည်။ ဥယျာဉ်ရှေ့ တစ်လျှောက်တွင် မြို့တော်ဝန်ကြီး ရွေးကြီးတာ ၉ဝ၊ မကွေးမင်းကြီးတာ ၁၁၀၊ ပခန်းမင်းတောင် ဥယျာဉ်တော်ရှိသည်။ အနောက်တွင် လက်ဝဲ၊ လက်ယာ၊ ယာတော်များရှိပြီး အသည်ဝန်း၊ ရွှေနန်းရိုး သမိုင်းဝန်၊ ယင်ပုံလှေအုပ်၊ မြောက်ထားဝယ်ပိုင်း၊ တောင်ထားဝယ်ဝိုင်း၊ ဆင်အုပ်၊ ကျောက်စီဝန်ထောက်တို့အတွက် မြေနေရာကွက်များရှိသည်။ ထို့ကြောင့် မှူးကြီးမတ်ရာ သေနပတိတို့ ဝန်းဝိုင်းရံခနေသည့် သီရိမနော်ရမ္မံဥယျဉ်တော်သို့ ဘုရင်မင်းမြတ် မကြာခဏထွက် စံပယ် တော်မူခဲ့ကြသည်။

မန္တလေးတွင် ဆေးရုံတစ်ရုံ

ထီးကျိုးစည်ပေါက်ပြီးနောက် ခရစ်နှစ် ၁၉ဝ ပြည့်နှစ် ရောက်သောအခါ ဘုန်းတော်ကြီး ဂျွန်ဝေဟင်ဂါး (John Wehinger) က ကုဌနူနာရောဂါသည်များ အတွက်  မန္တလေးတွင် ဆေးရုံတစ်ရုံ ဆောက်လိုကြောင်း မဟာမင်းကြီး ဆာချားလ်ခရော့ဝ်သာဝိတ်အား တင်ပြသည်။ မဟာမင်းကြီးက မနော်ရမ္မံဥယျာဉ်တွင် ပထမဆုံး ဆေးရုံ အဆောက်အအုံကို ၁၈၉၁ ခုနှစ် ဇန်နဝါရီလတွင် တည်ဆောက်ကာလူနာများကို ဆေးဝါးကုသပေးခဲ့၏။ ထိုသည်ကစ၍ နောက်ပိုင်းတွင် "မနော်ရမ္မံ" ဟူသော အမည်နာမသည် အဓိပ္ပာယ်တစ်မျိုးသက်ရောက်သွားတော့၏။ ၁၉၉၀ ဝန်းကျင်အထိ ... ။ ။