မင်းလှ၌ ဟိုက်ဂျက်ယာဉ်တစ်စီး စလစ်ဖြစ်ပြီးတိမ်းမှောက်ရာ ကျောင်းသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသေဆုံး

မင်းလှ ၄ သြဂုတ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် လက်ဆက်အုပ်စု၊ သစ်တူးအိုင်ကျေးရွာအနီး မိုင်တိုင်အမှတ် ၁၀၃/၅ နှင့် ၁၀၃/၆ အကြားတွင် သြဂုတ် ၄ ရက် နံနက် ၁၀ နာရီ မိနစ် ၄၀ ခန့်က ဟိုက်ဂျက်ယာဉ်တစ်စီး စလစ်ဖြစ်ပြီးတိမ်းမှောက်ရာ ကျောင်းသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်-ပြည် ကားလမ်းမကြီးအတိုင်း ရန်ကုန်ဘက်မှ ပြည်ဘက်သို့ယာဉ်မောင်း ဇော်လွင်မောင်းနှင်လာသော 6G/xxxx ဟိုက်ဂျက်အပြာရောင်ယာဉ်မှာ စလစ်ဖြစ်၍ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်ခြမ်းရှိ သစ်ပင်အား ဝင်ရောက်တိုက်မိခဲ့ရာ ယာဉ်ပေါ်၌လိုက်ပါလာသော ရန်ကုန် ရွှေပြည်သာမြို့နယ်နေ မောင်ဟန်ဇင်ထက် (၁၃)နှစ်အရွယ် ရှစ်တန်းကျောင်းသားတစ်ဦးနှင့် ဒေါ်သောင်းကြည် (၆၀)နှစ်တို့မှာ နေရာ၌ သေဆုံးခဲ့ပြီး (၆)ဦးမှာ ပြင်းထန်ဒဏ်ရာအသီးသီး ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မင်းလှမြို့မရဲစခန်းက ယာဉ်အားမဆင်မခြင်မောင်းနှင်သူ ဇော်လွင်အား အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပေါက်စ (မင်းလှ)