မြင်းမူမြို့နယ် ရွှေရတုတိပိဋကစက္ခုပါလ အခမဲ့မျက်စိစမ်းသပ်ကုသပေးသည့် ဆေးရုံတွင် အနယ်နယ် အရပ်ရပ်မှ မျက်စိဝေဒနာရှင်များ နေ့စဉ်လာရောက်ပြသ

မြင်းမူ ၁၅ ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင် မြင်းမူမြို့နယ် ထီးဆောင်းကျေးရွာတွင် ထီးဆောင်းဆရာတော် ဘဒ္ဒန္တ ဝံသာပါလာလကာၤရ တည်ထောင်ဖွင့်လှစ်ကုသပေးလျက်ရှိသော စက္ခုပါလ အခမဲ့မျက်စိကုသပေးလျက်ရှိသည့် ဆေးရုံတော်ကြီးတွင် အနယ်နယ်အရပ်ရပ်မှ မျက်စိဝေဒနာရှင်များ လာရောက်စမ်းသပ်မှု ခံယူလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ဆေးရုံကြီးကို ၂၀၁၄ ခုနှစ် သြဂုတ်လတွင် စတင်ဖွင့်လှစ်ကုသပေးလျက်ရှိပြီး အနယ်နယ်အရပ်မှ လာရောက်၍ မျက်စိစမ်းသပ်ကုသသူ များပြားလျက်ရှိကြောင်း၊ နေ့စဉ် မျက်စိဝေဒနာရှင် (၅၀၀)ကို စမ်းသပ်ပေးပြီး (၁၀၀)ကျော်ကို နေ့စဉ်ခွဲစိတ်ကုသပေးလျက်ရှိကြောင်း၊ မျက်စိဆေးပညာနှင့် ပတ်သက်သော ဆေးပညာရပ်များအတွက် မျက်စိကုသရေးဆရာမများကို ထိုင်းဘာသာစကား၊ အင်္ဂလိပ်စကားများ သင်ကြားပေးလျက်ရှိကြောင်း၊ ဝန်ထမ်းများ၏လစာနှင့် ဆေးဝါးစရိတ် ကုန်ကျမှုများကို ဆရာတော်ကြီးက တာဝန်ယူလျက်ရှိကြောင်း မျက်စိဆေးရုံမှ တာဝန်ရှိသူ ဦးမျိုးလွင်ထံမှ သိရသည်။

 

မျက်စိဆေးရုံစတင်ဖွင့်လှစ်သည့် ၂၀၁၄ သြဂုတ်လမှစ၍ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအထိ မျက်စိဆေးရုံသို့ မျက်စိလာရောက်စမ်းသပ်သူ ၆၅၀၀၀၀ ကျော်နှင့် ခွဲစိတ်မှုခံယူပြီးသူ ၁၄၀၀၀၀ ကျော်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

 

နေ့စဉ်မျက်စိလူနာ (၅၀၀)ကို စမ်းသပ်ပေပြီး ခွဲစိတ်ပေးရန် (၁၀၀)သတ်မှတ်ထားကြောင်း ရံဖန်ရံခါ    နိုင်ငံတကာမှ မျက်စိကုသမားတော်ကြီးများ လာရောက်ကုသပေးလျက်ရှိသည့်အပြင် (၁)နှစ်လျှင် (၁)ကြိမ် အမေရိကန်နိုင်ငံ မျက်စိသမားတော်များက အသက်(၁)နှစ်မှ (၇)နှစ်ထိ ကလေးငယ်များအား  မျက်စိအခမဲ့ စမ်းသပ်ကုသပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

အောင်စိုးဖေ(မြင်းမူ)