မင်းရန်အောင်ပန်းချီကား (သို့မဟုတ်) မော်ဖဒေသပုံရိပ်များ

သတင်းဆောင်းပါး - မြင့်စိုး(နတလ)

အသက်(၈၈)နှစ် စစ်သားအိုကြီး၏ ဆန္ဒမွန်

“အဘခင်ဗျာ….အဘနှင့်အတူ   လိုက်ပါခွင့် ရခဲ့တဲ့     မက်မန်းဒေသခရီးစဉ်အကြောင်းကို သတင်းစာမှာ ဆောင်းပါးရေးခွင့်ပြုပါခင်ဗျာ”
ရန်ကုန်မြို့ရှိ   အဘဦးညွန့်ဆွေ     (ဒုတိယ ဝန်ကြီး-ငြိမ်း)၏ နေအိမ်သို့ရောက်ရှိစဉ်  အဘနှင့် အမေဒေါ်သက်ဆွေ (မသက်ဆွေ-သရက်) တို့အား ရှိခိုးကန်တော့ပြီးချိန်၌   ကျွန်တော်က     ထိုကဲ့သို့ ခွင့်တောင်းလိုက်ခြင်းဖြစ်ပါသည်။   ခွင့်တောင်း ရခြင်းအကြောင်းရင်းကလည်း ခိုင်ခိုင်လုံလုံရှိနေပါ ၏။ အဘဦးညွန့််ဆွေဆိုသည်က တပ်မတော်သား ဘဝ၌  အမှတ်  (၇၇)   ခြေမြန်တပ်မဌာနချုပ်၏ ဒုတိယတပ်မမှူးတာဝန် ထမ်းဆောင်ခဲ့ပြီး သံလွင် အရှေ့ခြမ်း မော်ဖဒေသထဲမှာ ခြေကုပ်ယူထားသော ဗကပများအား   မင်းရန်အောင်စစ်ဆင်ရေးဖြင့် တိုက်ခိုက်ချေမှုန်းရာ၌ အနီးကပ်ဦးစီးကွပ်ကဲခဲ့သူ ဖြစ်ပါသည်။ ထို့အတူ မင်းရန်အောင်စစ်ဆင်ရေးကြီး တစ်ခုလုံးကို   အောင်မြင်အောင်   စီစဉ်ညွှန်ကြား ပုံဖော်ခဲ့သူမှာ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဗိုလ်ချုပ် ကြီးထွန်းရီဖြစ်သည်။    အဘဦးညွန့်ဆွေ(ဗိုလ်မှူး ကြီး-ငြိမ်း)သည်  စာရေးဆရာ   မောင်ဆွေသက် ကလောင်အမည်ဖြင့် “ကဒူးမမှ မော်ဖသို့” စာအုပ် ကိုလည်းကောင်း၊    “အများအခေါ်   နပိုလီယန်၊ ကျွန်တော့်အာဘော်       စစ်မှော်အောင်သော စစ်ချန်ပီယံ   ဗိုလ်ချုပ်ကြီးထွန်းရီ”   စာအုပ်ကို လည်းကောင်း ရေးသားထုတ်ဝေပြီးဖြစ်ပါသည်။

အဘဦးညွန့်ဆွေနှင့်အဖွဲ့   မက်မန်းဒေသသို့ သွားလာရေး၊ နေထိုင်စားသောက်ရေး၊ ကျန်းမာရေး ကအစ အစစအရာရာ အဆင်ပြေချောမွေ့စေရန် တပ်မတော်အကြီးအကဲက  လမ်းညွှန်ကူညီပေးခဲ့ပါ သည်။ သွားရောက်ခဲ့သည့်အချိန်ကာလမှာ ၂၀၂၂ ခုနှစ် ဧပြီလ ၄ ရက်နေ့မှ ၇ ရက်နေ့အထိဖြစ်သည်။ အဘဦးညွန့်ဆွေနှင့်အတူ    ဇနီးဖြစ်သူ    အမေ ဒေါ်သက်ဆွေ   (စာရေးဆရာမကြီး   မသက်ဆွေ-သရက်)၊ ဗိုလ်မှူးကြီးသိန်းမြင့်(ငြိမ်း)၊ ဗိုလ်မှူးကြီး တင်ဝင်း          (ငြိမ်း)၊       ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်(ငြိမ်း)တို့    လိုက်ပါခဲ့ကြသည်။ ထိုခရီးစဉ်နှင့်  မရှေးမနှောင်းဖြစ်သော ၂၀၂၂ ခုနှစ် မတ်လ ၄ ရက်နေ့နှင့် ၅ ရက်နေ့တို့တွင်  ကျွန်တော် က   မက်မန်းဒေသသို့   တစ်ခေါက်ရောက်ထားပြီး ဖြစ်သည်။ သည့်အတွက်ကြောင့်လည်း အဘကြီး များခရီးစဉ်မှာ    အထောက်အကူရစိမ့်သောငှာ ကျွန်တော့်အား အတူလိုက်ပါရန် အထက်ဌာနက တာဝန်ပေးခြင်းဖြစ်ပါလိမ့်မည်။     မှတ်မှတ်ရရ ဖြစ်သွားသည်ကတော့ ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက် နေ့မှာ  သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၏ ဒုတိယဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခြင်း ခံရသည်။   ဧပြီလ ၂   ရက်နေ့တွင် ရန်ကုန်မှ နေပြည်တော်သို့ ထွက်ခွာသည်။ ဧပြီလ ၃ ရက်နေ့ က   တနင်္ဂနွေနေ့၊   ထိုနေ့ညမှာ    သက်ဆိုင်ရာက ဖုန်းဝင်လာသည်။ မနက်ဖြန်  ဧပြီလ ၄  ရက်နေ့ လေယာဉ်နှင့် ကျိုင်းတုံသို့လိုက်ပါရန် ဖြစ်ပါသည်။ ပြည်ထောင်စုဝန်ကြီးထံ    ဖုန်းဖြင့်   သတင်းပို့ပြီး နောက်နေ့နံနက်မှာ ကျွန်တော် နေပြည်တော်လေဆိပ် သို့   ဆင်းစောင့်သည်။   တပ်မတော်လေယာဉ် ဆိုက်ရောက်လာချိန်မှာ အဘဦးညွန့်ဆွေတို့အဖွဲ့ကို တွေ့လိုက်ရသဖြင့်   ကျွန်တော်ထမ်းဆောင်ရမည့် လုပ်ငန်းတာဝန်ကို သဘောပေါက်သွားပါသည်။

ပြီးခဲ့သည့် မတ်လဆန်းမှာ မက်မန်းသို့ ရောက်ရှိ ခဲ့စဉ် သတင်းစကားတစ်ခုကြားခဲ့သည်။ ဗိုလ်မှူးကြီး ညွန့်ဆွေ(ငြိမ်း) သည် မက်မန်းဒေသသို့ လာရောက် လေ့လာကြည့်ရှုပြီး စာရေးဦးမည်ဆိုသည့် သတင်း စကားပင်ဖြစ်၏။  ထိုစဉ်ကာလတုန်းကတော့  အဘ ဦးညွန့်ဆွေနှင့်အတူ မက်မန်းသို့ ကျွန်တော်ပြန်လည် လိုက်ပါရလိမ့်မည်ဟု   လုံးဝထင်မထားမိခဲ့ပါချေ။ အဘနှင့်ဆုံသည့်အခါ       အတူလိုက်ပါခွင့်ရသည့် အခါကျမှ သူ၏ ရင်တွင်းဆန္ဒတစ်ခုကို သိနားလည်ခွင့် ရခဲ့သည်။   “၁၉၇၉   ခုနှစ်မှာ   ကျားကုတ်ကျားခဲ တိုက်ယူခဲ့ရတဲ့  အချက်အချာတောင်ကုန်းတွေကို တစ်ခါလောက်တော့ ပြန်ကြည့်ချင်မိတယ်။ ပြီးတော့ မက်မန်းဒေသ(မော်ဖဒေသ) မှာ ပြောင်းလဲတိုးတက် နေတဲ့အခြေအနေတွေကိုလည်း       သွားလေသူ ဆရာသမား (ဗိုလ်ချုပ်ကြီးထွန်းရီ) တမလွန်ကနေ သိစေချင်တယ်။  အရင်ရေးပြီးသား အကြောင်းအရာ တွေပေါ်မှာ    ဒါတွေကိုပါ   ထပ်မံဖြည့်စွက်ပြင်ဆင် ပြီးတော့  ဗိုလ်ချုပ်ကြီးထွန်းရီကို ဂုဏ်ပြုချင်ပါသေး တယ်”ဟူ၏။  ထိုကဲ့သို့သိထားသောကြောင့် အဘ ဦးညွန့်ဆွေ ဘာမှမရေးသေးမီ ကျွန်တော်က ကြိုတင် ရေးသားခြင်းမပြုလိုပါ။  သည့်အတွက်    ဧပြီလ မက်မန်းခရီးစဉ်မှအပြန် ကျွန်တော် ဆောင်းပါးမရေး ဖြစ်ခဲ့ပါ။ ယခုအဘ၏ ခွင့်ပြုချက်ရခဲ့ပါပြီ။ 

နေပြည်တော်-တာချီလိတ်-ကျိုင်းတုံ

ရန်ကုန်မှ   ထွက်ခွာလာသော   တပ်မတော် လေယာဉ်ကြီးသည် နေပြည်တော်လေဆိပ်သို့ ဧပြီလ ၄ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်တွင် ဆိုက်ရောက် လာပါသည်။ လေယာဉ်ပေါ်မှာတော့ အဘဦးညွန့်ဆွေ တို့အဖွဲ့အပြင် တပ်မတော်မှ အရာရှိစစ်သည်၊ ရဲမေ များလိုက်ပါလာသည်ကို  တွေ့ရ၏။  ကျွန်တော်က အဘနှင့်အမေအား ရိုသေစွာနှုတ်ဆက်ဂါရဝပြုလိုက် ပါသည်။ ပထမဆုံးအကြိမ်  မြင်ဖူး၊  တွေ့ဖူး၊  စကား ပြောဖူးခြင်းဖြစ်၏။ ဒုတိယဝန်ကြီး (ငြိမ်း)၊ ဗိုလ်မှူး ကြီး(ငြိမ်း)ဆိုသည်ထက်         စာရေးဆရာကြီး မောင်ဆွေသက်နှင့်  စာရေးဆရာမကြီး မသက်ဆွေ (သရက်)ကို ဂါရဝပြုနေသည်ပါလားဆိုသည့် အတွေး စိတ်က   ပိုမိုလွှမ်းမိုးနေကြောင်း  သတိပြုမိသည်။ ဒုတိယဗိုလ်ချုပ်ကြီး  အောင်သန်းထွဋ်    (ငြိမ်း)  က ရင်းနှီးပြီးဖြစ်သလို အဘကြီး ဦးသိန်းမြင့် (ဗိုလ်မှူး ကြီး-ငြိမ်း) ကလည်း ကျွန်တော်တို့ စစ်တက္ကသိုလ် တက်ရောက်စဉ်က ဆရာဖြစ်ပါသည်။ ဗိုလ်မှူးကြီး တင်ဝင်း  (သံအမတ်ကြီး-ငြိမ်း)ကိုတော့    အခုမှ တွေ့ဖူးမြင်ဖူးပါသည်။ လေယာဉ်က တံတားဦးအပြည် ပြည်ဆိုင်ရာလေဆိပ်တွင်       ခေတ္တဆင်းသက်ပြီး ဆက်လက်ထွက်ခွာခဲ့ရာ နံနက် ၁၁ နာရီ ၂၀ မိနစ်တွင် တာချီလိတ်မြို့သို့   ဆိုက်ရောက်ပါသည်။   စစ်သည်၊ ရဲမေများ အတက်အဆင်းပြုလုပ်နေကြစဉ်  အဘ ဦးညွန့်ဆွေနှင့်အဖွဲ့သည်       တာချီလိတ်မြို့ထဲက နဂါးနှစ်ကောင်ကျောင်းတိုက်သို့    သွားရောက်ပြီး ဆရာတော်ကြီးအား      ဖူးမြော်ကန်တော့ကြသည်။ သက်တော်    (၉၄)   နှစ်ရှိ   ဆရာတော်ကြီးအား ပထမဆုံးအကြိမ် ကျွန်တော် ဖူးမြော်ခွင့်ရခြင်းဖြစ်၍ ဝမ်းသာပီတိဖြစ်လိုက်ပါဘိ။        ကျိုင်းတုံသို့ ဆိုက်ရောက်ပြီး  မွန်းလွဲပိုင်းတွင်လည်း   ဝစီပိတ် ဆရာတော်ကြီးအား ပထမဆုံးအကြိမ် ဖူးမြော်ခွင့် ရခဲ့ပြန်ပါသည်။  ဆရာတော်ကြီးနှင့်အတူ   ဗုဒ္ဓ ဥယျာဉ်တော်သို့ လှည့်လည်ဖူးမြော်ကြည်ညိုခဲ့ကြ ပါသည်။

သံခမောက်ကုန်းနှင့် ပွိုင့် ၆၀၀၀ ကုန်း

ဧပြီလ ၅ ရက်နေ့ နံနက် ၉ နာရီအချိန် ကျိုင်းတုံမှ ရဟတ်ယာဉ်ဖြင့် ထွက်ခွာခဲ့ကြသည်။ မက်မန်းသို့ ပျံသန်းချိန် ၄၅ မိနစ်မျှသာ။ နယ်ခြား စောင့်တပ်ရင်းမှာ တည်းခိုကြသည်။  တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးလည်း  လိုက်ပါလာခဲ့၏။ ရိပ်သာတွင် ခေတ္တခဏနားကြပြီးနောက် ပထမဆုံး သွားရောက်ကြည့်ရှုကြသည်ကတော့ သံခမောက် ကုန်းနှင့် ပွိုင့် ၆၀၀၀ ကုန်းများ ဖြစ်သည်။ ၂၀၁၈ ခုနှစ်ထဲမှာ ကျွန်တော် မက်မန်းကိုစတင်ရောက်ဖူး ခဲ့သည်။ သည်ကုန်းများဘေးကနေဖြတ်ပြီး ပွိုင့် ၆၀၂၈ ကုန်းကို သွားရောက်ကြည့်ရှုခဲ့ဖူးသည်။ သို့သော် ဒါက သံခမောက်ကုန်း၊ ဒါက ပွိုင့် ၆၀၀၀ ကုန်းဟူ၍    ပြောပြမည့်သူမရှိခဲ့။    ယခုတော့ ကျွန်တော် ကြည့်ခွင့်၊ မြင်ခွင့်၊ ကြားသိခွင့်ရပေပြီ။ သို့သော် အဘဦးညွန့်ဆွေက သံခမောက်ကုန်းသို့ အရောက်  သူ၏တပည့်ကျော်  ဗိုလ်မှူးသီဟသူရ မောင်ရီကို အထူးပင်သတိရသွားပုံပေါ်သည်။ သူ့ထံမှ ဝမ်းနည်းစကားသံကို ဤကဲ့သို့ကြားလိုက်ရပါသည်-

“ဒီကုန်းကို တိုက်ရင်းကျသွားတဲ့ ခမရ ၁၀၁ ယာယီခွဲမှူး(ဗိုလ်မှူး) ဗိုလ်ကြီးမောင်ရီရဲ့ နာမည် အမှန်က မောင်ရီးဗျ။ မောင်ရီမဟုတ်ဘူး၊ သူက ရခိုင် တိုင်းရင်းသား။ ဗိုလ်ချုပ်ကြီးထွန်းရီနဲ့ ကျွန်တော်တို့ ခမရ ၁၀၅ မှာ တပ်ခွဲမှူး၊ တပ်စုမှူးနဲ့ ရှိစဉ်ကတည်း က    မောင်ရီးနဲ့ဆုံခဲ့ကြတာ။   တပ်ကြပ်ကြီးဘဝ ကတည်းက သီဟဗလဘွဲ့တံဆိပ်ရထားပြီးသား၊ တိုက်ရည်ခိုက်ရည်ကောင်းတယ်။ ကောင်းမှန်းသိလို့ လည်း ပွိုင့် ၆၀၀၀ ကုန်းကို ခမရ ၁၀၁ တိုက်ရ ပြုရခက်နေတဲ့အချိန်မှာ      သူ့ကိုစိတ်ကြိုက် လက်ရွေးစင်စစ်သည်တွေ  ထုတ်နုတ်စုဖွဲ့ခိုင်းပြီး ပွိုင့် ၆၀၀၀ ရဲ့ ရှေ့ကာကုန်းဖြစ်တဲ့ ဒီသံခမောက် ကုန်းကို နောက်ဘက်လျှိုထဲကနေ ပတ်တိုက်ခိုင်း လိုက်တာ။ မောင်ရီးနဲ့အဖွဲ့ ရန်သူ့ခြံစည်းရိုးနား ကပ်မိတာနဲ့ ကျွန်တော့်ကုန်း ပွိုင့် ၅၇၁၀ ကနေ ၁၀၅ မမ အမြောက်နဲ့ ပစ်ကူပေးထားတယ်။ 

သူ   ခံစစ်စည်းနှစ်ခုကိုကျော်ပြီး   နောက်ဆုံး ဆက်သွယ်ရေးမြောင်းကို   ကပ်မိချိန်မှာ  ဗကပ ကလည်း ပွိုင့် ၆၀၂၈ ကနေ လက်နက်ကြီးတွေနဲ့ စုပြုံပစ်ခတ်လာတယ်။    လက်နက်ကြီးကျည် တစ်တောင့်က သစ်ပင်ကိုထိပြီးကွဲ၊ ကျည်စတစ်ခု က မောင်ရီးရဲ့ဇက်ပိုးကို လာမှန်တယ်။ သူ့ဆီက ဒုဗိုလ်လေး အောင်သန်းထူးကို ကွပ်ကဲမှုယူစေပြီး ရအောင်ဆက်တိုက်ခိုင်းပေမယ့်         မရခဲ့ဘူး။ နောက်ဆုံးစည်းကနေ ဆုတ်လာခဲ့ရတယ်”
 ဗိုလ်မှူးမောင်ရီးကိုတော့ ကျွန်တော်မသိခဲ့ပါ။ အစ်ကိုကြီးအောင်သန်းထူးကတော့ ကျောင်းတုန်း ကလည်း မီလိုက်သလို  ကျွန်တော်တို့ အောင်ဇေယျ တပ်ခွဲကမို့   သိနေပါသည်။ သံခမောက်ကုန်းများ ဆိုသည်ကလည်း နာမည်နှင့်လိုက်အောင် တိုက်ရ၊ ပြုရ၊  တက်ရ  အလွန်ခက်ခဲသောကုန်းများဖြစ် သည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့၏ အရှေ့ဘက်၊   သံလွင်အရှေ့ခြမ်း   လွယ်ပန်လုံကို ၁၉၈၃ ခုနှစ်က တပ်မ ၆၆ တပ်များနှင့် တိုက်ခိုက် သိမ်းပိုက်ခဲ့စဉ်ကလည်း   သံခမောက်ကုန်းမှာ ညီတော်မောင် အောင်ကျော်ဦး  ကျဆုံးခဲ့ဖူးသည်။ ယခု ဗိုလ်မှူးမောင်ရီးကတော့ ၁၉၇၉ ခုနှစ် ဒီဇင် ဘာလ  ၆  ရက်နေ့မှာ  ဒဏ်ရာရပြီး    မိုင်းရှူးကို ရဟတ်ယာဉ်နှင့်   ပြန်ပို့ပေးခဲ့သည်။  တောင်ကြီး ဆေးရုံသို့ပင် မရောက်လိုက်၊ ဒီဇင်ဘာလ ၇  ရက် နေ့နံနက်မှာ ကျဆုံးသွားကြောင်းသိရသည်။

မက်မန်း ပြန်/ဆက်မှာ စာအုပ်များလှူ

ထိုနေ့   မွန်းလွဲပိုင်းတွင်   မက်မန်းမြို့နယ် ပြန်ကြားရေးနှင့်       ပြည်သူ့ဆက်ဆံရေးရုံးသို့ သွားရောက်ပြီး  အဘဦးညွန့်ဆွေက သူရေးသား ထားသောစာအုပ်များ၊ အခြားစာအုပ်စာစောင် များကို လှူဒါန်းပေးအပ်ခဲ့သည်။ တက်ရောက်လာ သောဒေသခံများကို အမှာစကားပြောကြားရာ၌ တရုတ်ဖြူကျူးကျော်မှုကာလအတွင်း   ကျိုင်းတုံ ဒေသအခြေအနေ၊ ယင်းနောက် ဗကပတို့ ပန်ဆန်း ဒေသကို ခြေကုပ်ယူလာမှုအခြေအနေများအပြင် မော်ဖဒေသ၌        စစ်ဆင်ရေးပြုလုပ်ရသည့် အကြောင်းရင်းကို  ယခုလို  ရှင်းပြခဲ့သည် -
“၁၉၇၅   ခုနှစ်မှာ  ဗကပ    ဗဟိုကော်မတီကို ပြန်လည်ဖွဲ့စည်းပြီး စစ်ရေးလှုပ်ရှားမှုတွေ ပိုလုပ် လာကြတယ်။  ၇၅၁၀   စီမံကိန်းပေါ်လာတယ်။ 
တိုက်ခိုက်ရေးအင်အား ၁၂၀၀၀ လောက်ထိ ရှိလာ တဲ့ ဗကပဟာ ကိုးကန့်ဒေသနဲ့ “ဝ”ဒေသတွေကို လွှမ်းမိုးခြယ်လှယ်လာခဲ့တယ်။  ၁၉၇၉  ခုနှစ်မှာ ဗကပဗဟိုကို  ပန်ဆန်းကို ရွှေ့လာပြီး အသံလွှင့်ရုံ တွေ၊ လက်နက်ပြင်ရုံတွေ၊ လူနေအိမ်တွေ၊ ရုံးတွေ အခိုင်အမာတည်ဆောက်ခဲ့တယ်။ ကွပ်ကဲမှုဌာနချုပ် ဖွင့်လှစ်လိုက်တဲ့သဘောပဲ။ နယ်စပ်ဒေသ ပန်ဆန်းမြို့ ကိုအခြေပြုပြီး ကိုးကန့်ဒေသ၊ “ဝ”ဒေသ မြောက်ပိုင်း နဲ့တောင်ပိုင်းအပါအဝင် သံလွင်မြစ်အရှေ့ခြမ်းတစ်ခု လုံးကို    သီးခြားကွန်မြူနစ်နိုင်ငံ    ထူထောင်ဖို့အထိ လုပ်လာနိုင်တယ်။  ဒီလိုဖြစ်လာမှာကို  ကစထမှူး ဗိုလ်ချုပ်ကြီးထွန်းရီက အထူးစိုးရိမ်တယ်။ ဒါကြောင့် ကာကွယ်ရေးဦးစီးချုပ်နဲ့   ဥက္ကဋ္ဌကြီး   ဦးနေဝင်းထံ တင်ပြခဲ့ပြီး မော်ဖဒေသမှာ မင်းရန်အောင် စစ်ဆင်ရေး ကြီးကို ဆင်နွှဲခဲ့တာဖြစ်တယ်”
ပြန်/ဆက်ရုံးတွင်    စာအုပ်များလှူဒါန်းအပြီး   အဘဦးညွန့်ဆွေနှင့်အဖွဲ့သည်       မက်မန်းမြို့ မင်းရန်အောင်   ဘုရားကုန်းတော်ပေါ်ရှိ   ပညာဒီပ ဘုန်းတော်ကြီးကျောင်း ဆရာတော်အား သွားရောက် ဖူးမြော်ကာ သင်္ကန်းနှင့် ဝတ္ထုငွေများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။ ၎င်းနောက်  မော်တော်ယာဉ်များ နှင့် ဆက်လက်ထွက်ခွာ  သွားရောက်ကြည့်ရှုခဲ့ကြ သည့်နေရာကတော့  မော်ဖဒေသ  မင်းရန်အောင် စစ်ဆင်ရေးကြီး၏  ပထမဆုံးရည်မှန်းချက်နေရာ၊ မွတ်နိုးကျေးရွာပင်ဖြစ်ပါသည်။

ပထမဆုံးရည်မှန်းချက် မွတ်နိုးနှင့် ပွိုင့် ၃၂၈၀

မွတ်နိုး-ကောင်းလန်း ကားလမ်းဘေးရှိ မွတ်နိုး ကျေးရွာနှင့် ပွိုင့် ၃၆၆၀ တောင်ကုန်းသို့   မွန်းလွဲ  ၂ နာရီခွဲသာသာမှာ   ရောက်ရှိပါသည်။   ဟိုတစ်ချိန်က တော့ ကားလမ်းမရှိ၊ လူသွားလမ်းနှင့်  လားမြင်းလမ်း သာရှိခဲ့ပေလိမ့်မည်။  မွတ်နိုးရွာတွင် အိမ်ခြေအနည်း ငယ်နှင့်    သက်တမ်းရင့်ညောင်ပင်ကြီးတစ်ပင်ကို တွေ့ရ၏။ ထိုမှ   ဆက်လက်ထွက်ခွာကြရာ  အမှတ် (၁) ရှမ်းသေနတ်ကိုင်တပ်ရင်း တိုက်ခိုက်သိမ်းပိုက် ခဲ့သော  ပွိုင့်  ၃၂၈၀  ကုန်းသို့ မွန်းလွဲ   ၃  နာရီ  ၁၅ မိနစ်တွင် ရောက်ရှိခဲ့ကြပါသည်။

“သံလွင်ကို စကူးရမည့် ရက်ကတော့ ၁၉၇၉ ခုနှစ်  နိုဝင်ဘာလ ၂၃ ရက်နေ့ပဲ ။ အဲဒီနေ့မနက် ၈ နာရီခွဲအချိန်မှာ ရှမ်း(၁)က ပန်လုံကူးတို့ ဆိပ်က  စပြီးကူးတယ်။ နိုဝင်ဘာလ ၂၄ ရက်နေ့ နေ့လယ် ပိုင်းမှာ တစ်ရင်းလုံး  ကူးပြီးသွားပြီ။  ခမရ  ၁၀၇ ကိုလည်း ပန်လုံကပဲ  ကူးခိုင်းခဲ့တယ်။   ညနေ ၅ နာရီမှာ စက (၁/၂) နဲ့ ၄ ခွဲ ကူးနိုင်ခဲ့တယ်။ နိုဝင်ဘာ လ ၂၅ ရက်မှာ စက(၁)ကို ပွိုင့် ၃၆၆၀မှာ ခြေကုပ် ယူခိုင်းပြီး စက (၂) အဖွဲ့ကိုတော့ မွတ်နိုးကို ဝင်ရှင်း ခိုင်းလိုက်တယ်။       တခြားတပ်ရင်းတွေလည်း သူ့ရည်မှန်းချက်နဲ့သူပဲ။ ခမရ (၁၀၁) က တောင် ဘက်လမ်းကြောင်းအတိုင်း မတ်လုံကူးတို့ဆိပ်က နေကူးပြီး  နမ့်ဟာနူးကို ဝင်ရှင်းခိုင်းတယ်။   ခမရ (၁၀၆)  ကို  တောင်ဘက်အစွန်   နမ့်ခချောင်းက ဖြတ်ပြီး ဝမ်စလောင်းကို ဝင်ခိုင်းလိုက်တယ်။ ခမရ  (၁၀၅) စစ်ကြောင်း (၂) ကိုတော့ မတ်ကျန်းကူးတို့ ဆိပ်က ကူးပြီး ဝင်းဆိုင်ဘက်ကို ရှင်းခိုင်းလိုက်တယ်။”
“ဒုတပ်မမှူး   ကျွန်တော်ရယ်၊ နည်းဗျူဟာ (၇၇၂) မှူး ဗိုလ်မှူးကြီးစံလွင်ရယ်ပါတဲ့ ကွပ်ကဲမှု အဖွဲ့ကတော့ ခမရ (၁၀၅)  စက (၂) နဲ့ ၁ ခွဲ၊ ခမရ (၁၀၇) က ခွဲ ၁ ခွဲ အနီးကပ်လိုက်ပါပြီး နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေ ၅ နာရီမှာ သံလွင်မြစ်ကို ပန်လုံ ကူးတို့ဆိပ်ကပဲ ကူးတယ်။ နောက်နေ့မနက်   ၁   နာရီမှာ ဝမ်ဝိန်းရွာကို ရောက်ပြီ။  ဝမ်ဝိန်းမှာ  ဗကပ   သုံးယောက်ကို  ဖမ်းမိတယ်။  သူတို့အပြောအရ မွတ်နိုးမှာ ဗကပ ၁၀၀ လောက်ရှိကြောင်း၊   ပန်ခါး တောင်ကြော၊ လွယ်ဆိုက်ခေါင်ကြော၊ ပွိုင့် ၆၀၀၀ ကုန်းတွေမှာ အင်အားများကြောင်းသိရတယ်။”
“ဒီလိုသိရပြီး မွတ်နိုးကို ခမရ(၁၀၇)နဲ့ ဝင်ရှင်း ခိုင်းလိုက်တာ မွတ်နိုးမှာ ထိတွေ့မှု ဖြစ်ပြီးနိုဝင်ဘာ လ ၂၅ ရက်နေ့ ညပိုင်းမှာ သိမ်းမိပြီ။  ညတွင်းချင်း တော့မရှင်းနိုင်ဘူး။ မနက်မိုးလင်းမှပဲဆက်ရှင်းခိုင်းရတယ်။ ဗကပက  မိုင်းထောင်သွား သေးတာ။  ကျွန်တော်တို့   ကွပ်ကဲမှုအဖွဲ့လည်း ဝမ်ကန်ရွာပျက် မှာ အခြေပြုလိုက်တယ်။”

(ဆက်လက်ဖော်ပြပါမည်)