မင်းရန်အောင်ပန်းချီကား (သို့မဟုတ်) မော်ဖဒေသပုံရိပ်များ

(ယမန်နေ့မှအဆက်) 

အဓိကရည်မှန်းချက် ပွိုင့် ၆၀၂၈

တစ်ချိန်က တိုက်ခိုက်သိမ်းပိုက်ခဲ့သော အချက်အချာ တောင်ကုန်းများအား လိုက်လံကြည့်ရှုချိန်၊ မက်မန်းမြို့ထဲမှာ စာအုပ်စာစောင်များ ပေးလှူချိန်တို့တွင် အမေဒေါ်သက်ဆွေလည်းပါသည်။ တိုင်းမှူး၏ဇနီးကလည်း အဖော်ပြုပေး၏။ အမေလည်း အသက်အရွယ်ရနေပေပြီ။ အဘ ဦးညွန့်ဆွေနှင့် နှစ်နှစ်သာကွာသော (၈၆) နှစ်အရွယ်ဖြစ်၏။ ယခုအချိန်အထိ တစ်ဦးနှင့်တစ်ဦး ဖေးဖေးမမ အားပေးပြောဆိုသံများ၊ ကြင်နာယုယမှုလေးများ မြင်နေရသဖြင့် အလွန်ပင် လေးစားမိပါသည်။ ငယ်စဉ်က ရေဒီယိုမှာ မကြာမကြာ နားထောင်ခဲ့ရသည့် “တို့များအရွယ်ညောင်းခဲ့ရင်ကွယ်”အစချီ သော သီချင်းကိုပင် ပြေး၍ကြားယောင်မိသေးတော့။

အဘဦးညွန့်ဆွေနှင့်အဖွဲ့သည် ပွိုင့် ၃၂၈၀ ကို ကြည့်ရှုပြီးနောက် မက်မန်းမြို့သို့ ပြန်လည်ထွက်ခွာကာ မက်မန်းနှင့် အေးကျန့်ရွာလေး အကြားရှိ ပွိုင့် ၅၇၁၀ ကုန်းကို ကြည့်ရှုကြပါသည်။ အဆိုပါတောင်ကုန်းသည် ဒုတပ်မမှူး ဗိုလ်မှူးကြီး ညွန့်ဆွေနှင့် ကွပ်ကဲမှုအဖွဲ့ နေရာယူတပ်စွဲပြီး တိုက်ပွဲစဉ်များကို ကွပ်ကဲခဲ့သောကုန်းဖြစ်သည်။

“ကျွန်တော်တို့အဖွဲ့ သံလွင်ကိုကူးပြီး ခမရ ၁၀၇ နဲ့ မွတ်နိုးကို သိမ်းပြီးချိန်မှာ မြောက်ဘက် ပန်းခါးတောင်ကြောကို တင်လိုက်တဲ့ ရှမ်း(၁)က တိုက်ပွဲတွေ စဖြစ်နေပြီ။ ရှမ်း(၁)မှာ တပ်ရင်းမှူးက ဒုတိယဗိုလ်မှူးကြီး သာစိန်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က IO (ထောက်လှမ်းရေးအရာရှိ)၊ ဗကပက ရှမ်း(၁)ကို အာရုံစိုက်နေချိန်မှာ ကျွန်တော့်ကွပ်ကဲမှုအဖွဲ့နဲ့ ခမရ (၁၀၇) က မွတ်နိုးကိုသိမ်းပြီး ဝမ်ကန်ရွာပျက်ကို ရောက်ရှိအခြေပြုပါတယ်။ ကစထမှူးကြီးဗိုလ်ချုပ်ကြီးထွန်းရီ၊ တိုင်းမှူး ဗိုလ်ချုပ်လှဦး၊ တပ်မမှူးဗိုလ်မှူးကြီးချစ်ဆွေတို့ ရဟတ်ယာဉ်နဲ့ ရောက်လာတယ်။ ကျွန်တော့်ရဲ့ တင်ပြချက်နဲ့မြေပြင်အခြေအနေတွေကို ကြည့်ရှုသုံးသပ်ပြီးတဲ့အခါ ကစထမှူးကြီးက ညွှန်ကြား ချက်ပေးပါတယ်။ ပွိုင့် ၆၀၂၈ (လွိုင်ဆိုက်ခေါင်)နဲ့ ပွိုင့် ၆၀၀၀ ကြောတွေကို မရရအောင်တိုက်ရမယ်။ မြေပြင်အနေအထားအရ Casualties (ထိခိုက်မှု) ငါးဆယ်ရာခိုင်နှုန်းလောက် ရှိချင်ရှိနိုင်တယ်။ စွန့်စွန့် စားစားတိုက်မှရမယ်။ ပန်ဆန်းကို ခြိမ်းခြောက်ဖို့၊ ထိန်းချုပ်ထားဖို့ ဒီစစ်ဆင်ရေးကို လုပ်တာဗျလို့ ပြတ်ပြတ်သားသား ပြောသွားတာ…….။”
“သံလွင်ကို စကူးတုန်းကလည်း သေသေချာချာ ညွှန်ကြားခဲ့တယ်။ ခင်ဗျား သံလွင်ကိုကူးပြီး ရင် တွေ့တဲ့ရန်သူတိုက်ဖို့က ပြဿနာမဟုတ်ဘူး။ တပ်တွေကလည်း အတွေ့အကြုံရှိတယ်။ ခင်ဗျား ကလည်း အတွေ့အကြုံရှိတယ်။ ပူစရာမလိုဘူး။ သံလွင်ကို ကူးနိုင်ဖို့က အဓိကပဲ။ Normamdy Landing လို့ သဘောထား၊ လုံးဝမပေါ့နဲ့ဆိုပြီး မှာတာဗျ”

တပ်မ(၇၇)တပ်များ သံလွင်မြစ်ကူး စစ်ဆင်ရေး ပြုလုပ်နေစဉ် အခြားသော တပ်မ(၆၆)၊ တပ်မ(၈၈)၊ တပ်မ(၉၉)၊ ရမခတပ်များသည် သတ်မှတ်နေရာများတွင် ရောင်ပြစစ်ဆင်ရေးများ ပြုလုပ်ခဲ့သည်။ ဗကပ အနေဖြင့် အခြားနေရာများ၌ အာရုံထွေပြားနေအောင် ကစထမှူးကြီးက စစ်ရေးအစီအမံ လှည့်စားခဲ့ခြင်းဖြစ်ပြီး သို့မှသာ သံလွင်မြစ်ကိုကူးနေသည့် တပ်မ(၇၇) တပ်များ အောင်မြင်စွာ ဖြတ်ကူးနိုင်မည်ဖြစ်သည်။ တပ်ရင်း ငါးရင်း သံလွင်ကူးပြီးချိန်တွင် ဗကပများ ရိပ်မိသွားသဖြင့် ပန်ခါးကြော၊ ပွိုင့် ၆၀၂၈၊ ပွိုင့် ၆၀၀၀ ကုန်းများတွင် အင်အားထပ်မံဖြည့်တင်းပြီး လက်နက် ကြီးများတင်ကာ အသင့်ပြင်၍ စောင့်နေပါတော့သည်။ ဒုတပ်မမှူးနှင့်အဖွဲ့သည် နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်တွင် ပွိုင့် ၅၇၁၀ ကုန်းသို့ ရွှေ့ပြောင်းကွပ်ကဲခဲ့သည်။ ၁၀၅ မမ ဟောင်ဝစ်ဇာ အမြောက်တစ်လက်ကို ရဟတ်ယာဉ်နှင့် ပို့ပေးသည်။ နိုင်ငံတော်အလံကိုလည်း ပွိုင့် ၅၇၁၀ ကုန်းတွင် လွှင့်ထူခဲ့သည်။ ပွိုင့် ၅၇၁၀ ကုန်းနှင့် ပွိုင့် ၆၀၀၀ ကုန်းတို့သည် ကိုက် ၅၀၀၀ ခန့်သာ ဝေးကွာပါသည်။

“နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ခမရ (၁၀၇) စက (၂) ကို ပွိုင့် ၅၇၁၀ နဲ့ ပွိုင့် ၅၈၆၀ ကုန်းတွေအထိ ဆန့်ထုတ်လိုက်တာ မှန်သွားတယ်။ နိုဝင်ဘာလ ၂၈ ရက်နေ့မှာ ပွိုင့် ၆၀၀၀ ကနေ ဗကပ ၁၅ ယောက် လောက် ဆင်းလာတာကို စောင့်ကြိုပစ်ခတ်နိုင်ခဲ့ တယ်။ ကျွန်တော် ပွိုင့် ၅၇၁၀ ကိုရောက်ချိန်မှာ ကက (ကြည်း)ရဲ့ ညွှန်ကြားချက်ကို စစ်ဦးစီးမှူး (ပထမတန်း) ဒုတိယဗိုလ်မှူးကြီးတင်ဦး (နောင်သော အခါ ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး-အတွင်းရေးမှူး ၂) က ပေးလာတယ်။ ပွိုင့် ၇၁၂၃ (လွိုင်ဟိုလာ) အထိ မိမိတပ်ကို တင်ထားပါတဲ့။ ကျွန်တော့်ဆီမှာ အနီးကပ်ရှိနေတဲ့ ခမရ (၁၀၅) တပ်စုတစ်စုကို ရိက္ခာ ခုနစ် ရက်စာနဲ့ ထားလိုက်ပါတယ်။”

ပွိုင့် ၆၀၂၈ ကို ရောက်ခဲ့သည်

ဧပြီလ ၆ ရက်နေ့ နံနက် ၈ နာရီ ၃၅ မိနစ်တွင် မော်တော်ယာဉ်များဖြင့် ထွက်ခွာခဲ့ကြရာ ပွိုင့် ၆၀၂၈ ကုန်းသို့ ရောက်ရှိလေ့လာခဲ့ကြပါသည်။ ထိုကုန်းကြီးသည် မော်ဖဒေသ၏ အဓိကအချက်အချာတောင်ကုန်း ဖြစ်သကဲ့သို့ မင်းရန်အောင်စစ်ဆင်ရေး၏ အဓိက ရည်မှန်းချက်လည်း ဖြစ်ခဲ့ပါသည်။ ယင်းကုန်းပေါ်သို့ ရောက်ရှိသွားချိန်မှာ ပြောက်ကျားစစ်ဂျာကင် ဝတ်ထားသော အဘဦးညွန့်ဆွေသည်အရာရှိ လေးတစ်ဦးထံမှ စစ်သံခမောက်ဦးထုပ်ကို ခေတ္တယူ၍ ဆောင်းလိုက်ပါသည်။ ထိုစဉ်ခဏ၌ ဤစစ်သား အိုကြီး၏ မျက်နှာပေါ်မှာ စစ်စိတ်စစ်သွေး၊ စစ်သွေး စစ်မာန်များ လျှံတက်လာသည်ထင့်၊ ဆက်သွယ်ရေး မြောင်းများကို ကျော်လွှားသွားနေသည့် သူ့ဟန်ပန် အမူအရာသည် လွန်စွာမှ ပေါ့ပါးတက်ကြွ လန်းဆန်းနေပေသည်တကား။ “ဟိုတုန်းကတော့ နှုတ်ခမ်းမွေး ကြီးနဲ့ပေါ့ကွာ။ ဒါကလည်း တရားဝင်ခွင့်ပြုချက် တောင်းပြီးမှ ထားခဲ့တာ”ဟု ပြောလိုက်သေး၏။ ထိုကုန်းအောက်ခြေတွင် ပန်ဆန်းသို့သွားသော ကားလမ်းနှင့် တွယ်နောက်သို့သွားသောကားလမ်းများ ရှိနေသည်။ ပွိုင့် ၆၀၂၈ မှ ရောင်အော်သို့ ငါးမိုင်၊ ရောင်အော်မှ ပန်ဆန်းသို့ ငါးမိုင်ခရီးရှိပါသည်။ ကုန်းပေါ်မှနေ၍ အရပ်ရှစ်မျက်နှာကို လှည့်လည်ကြည့်ရှုရင်း အဘဦးညွန့်ဆွေထံမှ မော်ဖတိုက်ပွဲ အတွေ့အကြုံများကို ထပ်မံကြားသိခွင့်ရခဲ့ပြန်ပါသည်။

“၁၉၇၉ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ခမရ (၁၀၁) က သံခမောက်ကုန်းနဲ့ ပွိုင့် ၆၀၀၀ ကုန်းတွေ ကို မရသေးဘူး။ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ရှမ်း(၁) က ပန်ခါးကြောကို တိုက်တဲ့နေရာမှာ စက(၁)က အနောက်ဘက်တောင်ကြောက တိုက်တယ်။ စက(၂)နဲ့ ကွန်မန်ဒိုတပ်ခွဲက မြောက်ဘက်ကနေ လက်နက်ကြီး ပစ်ကူပေးပြီး ဝင်တိုက်ကြတယ်။ ကွန်မန်ဒိုတပ်ခွဲ ဆိုတာက အဲဒီအချိန်မှာ ခလရ(၆)တပ်ရင်း တက်လာပြီမို့ သူ့အထဲကနေ ဗိုလ်မှူးသူရအောင်ထက်နဲ့ တပ်ခွဲနှစ်ခွဲပါ ကွန်မန်ဒို စစ်ကြောင်း ထုတ်နုတ်ထားတာ…..ရှမ်း(၁)ကလည်း ပန်ခါးကြောကို မတိုးနိုင်သေးဘူး။ ခမရ(၁၀၇) စစ်ကြောင်းတစ်ခုကို ပန်ခါးရဲ့ ခါးလယ်ကနေ ဖြတ်ထိုးကြည့်ခဲ့သေးတယ်။ ပြောရရင်တော့ ဒီဇင်ဘာလ ၃ ရက်နေ့လောက်အထိ ပွိုင့် ၆၀၀၀၊ သံခမောက်ကုန်း၊ ပွိုင့် ၆၀၂၈ နဲ့ ပန်ခါးကြောကို ကျွန်တော်တို့ မရသေးဘူး။ ဒါကြောင့် ဒီဇင်ဘာလ ၆ ရက်နေ့ ညနေမှာ သံခမောက်ကုန်းကို မောင်ရီးနဲ့ တိုက်ခိုင်းပြီး ကျန်နေရာတွေမှာလည်း တစ်ပြိုင်တည်း တိုက်ခဲ့တယ်……”

အဘဦးညွန့်ဆွေက ပြောရင်းနှင့် သူ့တပည့် ဗိုလ်မှူး သီဟသူရမောင်ရီးကို သတိရသွားပြန်ပါသည်။ အတန်ငယ်ငြိမ်သက်သွား၏။ ပြီးလျှင် ရောင်အော်ရွာဘက်သို့ လှမ်းမျှော်ကြည့်ရင်း စကားစပါသည်။

“ဒီဇင်ဘာလ ၁၂ ရက်နေ့အထိ ကျွန်တော်တို့ ရင်ဆိုင်ထားတယ်။ ရိက္ခာနဲ့ခဲယမ်းကို အဓိက ဖြည့်တယ်။ ဒီဇင်ဘာလ ၁၃၊ ၁၄ ရက်နေ့တွေမှာ လှည့်စားစစ်ဆင်ရေး စီမံချက်ကို စတင်ခဲ့တယ်။ တကယ်တိုက်မယ့် စီမံချက်ကို တပ်မှူးတွေဆီ လျှို့ဝှက်အသိပေးပြီး စီမံချက်အတုကိုတော့ ဆက်သွယ်ရေးစက်နဲ့ ပို့လိုက်တယ်။ တကယ့်တပ်ရွေ့လျားမှုကတော့ ခမရ (၁၀၁) စက(၂)က ပွိုင့် ၆၀၀၀ ကုန်းကို ထိန်းထားမယ်။ စက(၁)နဲ့ ကျန်တပ်ခွဲတွေက ပွိုင့် ၆၀၂၈ နဲ့ ဝမ်ပါသောင်းကြားကို ဖြတ်ဝင်မယ်။ ခလရ (၆) စက (၁)နဲ့ တပ်ခွဲ သုံးခွဲက ပန်ခါးမြောက်ဘက် ကိုက် ၃၀၀၀ လောက်အကွာ မန်ကျူရွာပျက်ကတစ်ဆင့် ပွိုင့် ၆၀၂၈ ရဲ့ အနောက်မြောက်ဘက်က ချဉ်းကပ်မယ်။ ခလရ (၆) ရဲ့ ကွန်မန်ဒိုအဖွဲ့ကတော့ ပွိုင့် ၆၀၂၈ ရဲ့ မြောက်ဘက်ကို ဖြတ်ဝင်ပြီး တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတဲ့ ရှမ်း (၁) ကိုတော့ ခဏအနားပေးတဲ့အနေနဲ့ စက (၂) က ပန်ခါးတောင်ကြောကို ဟန်မပျက် ရင်ဆိုင် ထားပြီး စက (၁) က ပွိုင့် ၆၀၂၈ ရဲ့ တောင်ဘက်မှ ရောင်ပြချဉ်းကပ်စေခဲ့တယ်။ ခမရ (၁၀၇) စက (၁)နဲ့ (၂) အားလုံးက ပန်ဆန်းနဲ့ ရောင်အော်ကြား ဆက်သွယ်ရေးလမ်းကြောင်းကိုလည်း ထိန်းရင်း ခံစစ်အပါးဆုံးနေရာကနေ ဝင်တိုက်မယ်။ ပြောရရင်တော့ ရန်သူထင်မထားတဲ့အချိန်မှာ လေယာဉ်ပစ်ကူမပါဘဲ ဝိုင်းပတ်တိုက်ခိုက်တဲ့ အစီအစဉ်ပါပဲ။ လေယာဉ်ပစ်ကူမပါတော့ ရန်သူကလည်း တိုက်မယ်မထင်ခဲ့ဘူးလေ။” 

ထပ်မံ သိခွင့်ရလိုက်သည်များကတော့ ဒီဇင်ဘာလ ၁၆၊ ၁၇ ရက်နေ့တို့တွင် တိုက်ပွဲများ ပြင်းထန်လာခဲ့ကြောင်း၊ ခမရ (၁၀၁) စက (၁) သည် ပွိုင့် ၆၀၂၈ ၏ ရှေ့ကိုက် ၂၀၀၀ ထိ ချဉ်းကပ်မိပြီး ဗကပရှေ့ကာကုန်းများမှာ တိုက်ခိုက်နေရကြောင်း၊ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင်တော့ ခလရ (၆)၊ ခမရ (၁၀၇)၊ ရှမ်း(၁)အဖွဲ့များ ဟန်ချက်ညီညီ တိုက်ခိုက်ခဲ့ကြကြောင်း၊ ပွိုင့် ၅၇၁၀ ရှိ အမြောက် ရှစ်လက်နှင့် ပွိုင့် ၆၀၂၈၊ ပန်ခါး၊ ပွိုင့် ၆၀၀၀ တို့ကို ပစ်ကူပေးချေမှုန်းပစ်ခတ် ပေးခဲ့ကြောင်း၊ ရောင်အော်လမ်းကြောင်းဘက်သို့လည်း ပစ်ခတ်ပေးသဖြင့် စစ်ကူလာသည့် ဗကပ များအပေါ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ထိုနေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ခမရ (၁၀၇)စက ၂ သည် ပွိုင့် ၆၀၂၈ ၏ ခါးလယ်ကိုဝင်စီးမိပြီး လုံးထွေးတိုက်ခိုက်ခဲ့ရကြောင်း သိရပါသည်။ ပွိုင့် ၆၀၂၈ ကုန်းကြီးပေါ်သို့လည်း ရောက်နေပြန်၊ ပတ်ဝန်းကျင် မြေအနေအထားကိုလည်း မြင်တွေ့နေရပြန် ဆိုတော့ကာ အဘဦးညွန့်ဆွေ ပြောပြသော တိုက်ပွဲဖြစ်စဉ်ပေါ်မှာ ကျွန်တော်ကိုယ်တိုင် လိုက်ပါစီးမျောနေမိပါတော့သည်။

နိဂုံးချုပ်လိုက်သော် ၁၉၇၉ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေ ၄ နာရီ ၃ မိနစ်အချိန်မှာ ပွိုင့် ၆၀၂၈ ကို ခမရ(၁၀၇)က သိမ်းပိုက်ခဲ့ပါပြီ။ ပွိုင့် ၆၀၂၈ ကျသွားပြီမို့ ပန်ခါးကြောက ဗကပများ၊ ပွိုင့် ၆၀၀၀ ကုန်းက ဗကပများပါ ဒရောသောပါး ဆုတ်ခွာသွားကြကြောင်း၊ ဒီဇင်ဘာလ ၂၀ ရက်နေ့အထိ လိုက်လံဖြတ်တောက် ပိတ်ဆို့ရှင်းလင်းခဲ့ရကြောင်း သိရပါသည်။ ဒုတပ်မမှူး ဗိုလ်မှူးကြီးညွန့်ဆွေသည် ပွိုင့် ၆၀၂၈ သို့ ဒီဇင်ဘာလ ၂၀ ရက်နေ့ နေ့လယ်ပိုင်းတွင် သွားရောက်ခဲ့ပြီး နိုင်ငံတော်အလံကို လွှင့်ထူခဲ့သည်။

“ပွိုင့် ၆၀၂၈ ကို သိမ်းပြီးတာနဲ့ ကထစမှူး ဗိုလ်ချုပ်ကြီး ထွန်းရီ၊ တိုင်းမှူး ဗိုလ်ချုပ် လှဦး၊ တပ်မမှူး ဗိုလ်မှူးကြီး ချစ်ဆွေ၊ အမြောက်နဲ့ သံချပ်ကာယန္တရား ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီးသက်ဝေ၊ ရှမ်းပြည်နယ်ကောင်စီဥက္ကဋ္ဌ ဗိုလ်မှူးကြီး ထွန်းရင်လောတို့အဖွဲ့ ရောက်လာကြတယ်။ ရောင်အော်လမ်းအတိုင်း ဆက်ဆင်းပြီး ရှေ့တိုးတိုက်ဖို့ ခွင့်တောင်းခဲ့ပေမယ့် ခွင့်မပြုတော့ဘူး။ ဆက်မတိုးတာလည်း ကံကောင်းတယ်ဗျ၊ နောက်မှ ပြန်သတင်းရတာက ပန်ဆန်းနဲ့ ရောင်အော်ကြားမှာ ဗကပ အလုံးအရင်းနဲ့ စောင့်နေကြောင်းသိရတယ်။ သည်တုန်းက ဗကပရဲ့တပ်မ (၄၈)မှာ ပါဝင် တိုက်ခိုက်နေတဲ့ ကိုအောင်ကျော်ဇော (ဗိုလ်မှူးချုပ် ကျော်ဇော၏သား) နဲ့ ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှာ ဆုံခဲ့တယ်။ သူ့ဆီက ကျွန်တော်သိချင်တဲ့ အချက်တစ်ချက်ကို သိခွင့်ရခဲ့တယ်။ အဲဒါကဘာလဲဆိုတော့ ကျွန်တော်တို့ မော်ဖဒေသကို သိမ်းပြီး နှစ်လ၊ သုံးလ လောက်တော့ ငြိမ်သက်သွားပေမယ့် ၁၉၈၀ ပြည့် နှစ် ဧပြီလမှာ လွိုင်ဟိုလာကို လာတိုက်တယ်။ ပြီးတော့ ပန်ခါးကနေ လွိုင်ဆိုက်ခေါင်ကို တက်ရာမှာ အဓိကတောင်ကုန်းဖြစ်တဲ့ ပွိုင့် ၃၂၈၀ ကိုပါ တိုက်ပြီး အခိုင်အမာ တပ်စွဲထားပြန်တယ်။ လှုပ်ရှား စစ်ကြောင်းတွေကိုလိုက်ပြီး တိုက်ကွက်ဖော်တာ တွေလုပ်ခဲ့တယ်။ကျွန်တော်တို့ တော်တော်လေး ပြန်တိုက်ခဲ့ရတယ်။ သူတို့ ရည်ရွယ်ချက်က ဘာဆိုတာကို တိတိကျကျ မသိခဲ့ရဘူး။ ကိုအောင်ကျော်ဇော ပြောပြတာကတော့ အဲဒီအချိန်မှာ ဗကပဗဟို ဒုတိယဥက္ကဋ္ဌ ရဲဘော်ခင်မောင်ကြီး (ခေါ်) ယန်ကွမ်း နဲ့ ဗိုလ်တိုက်အောင်တို့က အင်အား ၁၀၀၀ လောက် နဲ့ သံလွင်ကို ဖြတ်ကူးပြီး လဲချား/ မိုင်းကိုင်ဘက်ကို ဝင်ဖို့ ရှိနေတာကြောင့် ပွိုင့် ၃၂၈၀ ကုန်းအပါအဝင် လှုပ်ရှားစစ်ကြောင်းတွေကိုပါ ရောင်ပြတိုက်နေတာ လို့ သိခွင့်ရခဲ့ပါတယ်။”

အဘဦးညွန့်ဆွေက လွန်ခဲ့သောနှစ်ပေါင်း ၄၀ ကျော်က ဖြစ်စဉ်များအား မနေ့တစ်နေ့က ကြည့်ခဲ့ရသော ရုပ်ရှင်ကားကြီးတစ်ကားပမာ ပြန်လည်ပြောပြနေသည်ကို ကျွန်တော်အံ့ဩခြင်းများစွာနှင့် နားထောင်ခဲ့ရသည်။

မက်မန်းမှ အပြန်ခရီး

ဧပြီလ ၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် အဘဦးညွန့်ဆွေနှင့်အဖွဲ့ မက်မန်းမှ ရဟတ်ယာဉ်ဖြင့် ပြန်လည်ထွက်ခွာခဲ့သည်။ ပွိုင့် ၇၁၂၃ (လွိုင်ဟိုလာ) ပေါ်မှ ဖြတ်၍ပျံသန်းသည်။ လွယ်မွေတွင် အရင်ဆင်းပြီးနောက် စတုရဋ္ဌသုမင်္ဂလစေတီ တော်ကြီးအားဖူးမြော်ကာ နှစ် ၁၀၀ စံအိမ်ကို ကြည့်ရှု လေ့လာကြသည်။ မွန်းလွဲ ၃ နာရီခန့်တွင် ကျိုင်းတုံသို့ ပြန်လည်ရောက်ရှိပြီး သစ်တစ်ပင်ကုန်းသို့ သွားရောက်ကြည့်ရှုလေ့လာကြရင်း၊ အပန်းဖြေနားနေရင်း ကော်ဖီသောက်ခဲ့ကြ၏။ ဧပြီလ ၇ ရက်နေ့ ၁၀ နာရီခွဲအချိန်တွင်မှာတော့ တပ်မတော်လေယာဉ် ကြီးနှင့်ပင် ကျိုင်းတုံမှ ပြန်လည်ထွက်ခွာလာကြပြီး နေပြည်တော်တွင် ကျွန်တော်ဆင်းကျန်ရစ်ခဲ့ပါ သည်။ အဘဦးညွန့်ဆွေ၊ အမေဒေါ်သက်ဆွေတို့နှင့် မော်ဖဒေသတိုက်ပွဲစဉ်များတွင် ပါဝင်ခဲ့ကြသော ဗိုလ်မှူးကြီးသိန်းမြင့်(ငြိမ်း)၊ ဗိုလ်မှူးကြီးတင်ဝင်း (ငြိမ်း)၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်(ငြိမ်း)တို့က ရန်ကုန်သို့ ဆက်လက်လိုက်ပါသွားကြပါသည်။

အစဉ်အလာကောင်းများနှင့် တပ်မတော်

မော်ဖဒေသအောင်ပွဲသည် ကစထမှူးကြီး ဗိုလ်ချုပ်ကြီးထွန်းရီ၊ ဒုတပ်မမှူး ဗိုလ်မှူးကြီး ညွန့်ဆွေအပါအဝင် အမှတ် (၇၇) ခြေမြန် တပ်မဌာနချုပ် တပ်ရင်းတပ်ဖွဲ့များမှ အရာရှိအရာခံ အကြပ် စစ်သည်တို့၏ အောင်ပွဲဖြစ်သည်။

ထိုနည်းတူစွာ မင်းရန်အောင်စစ်ဆင်ရေး၏ အောင်ပွဲ၊ တပ်မတော်အောင်ပွဲလည်းဖြစ်သည်။

တပ်မတော်သည် နိုင်ငံ၏ နယ်မြေအစိတ်အပိုင်း တစ်ခုတလေကိုမျှ အထိအခိုက်မခံ၊ ပြိုကွဲမခံရ လေအောင် အသက်နှင့်ရင်း၍ ကာကွယ်စောင့်ရှောက် ခဲ့သော အစဉ်အလာကို မော်ဖဒေသတိုက်ပွဲဖြစ်စဉ် များတွင် ထင်ရှားစွာတွေ့မြင်ခဲ့ရသည်။

ယနေ့အချိန်၌လည်း တပ်မတော်သည် ထိုအစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းရင်း နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ ထာဝရတည်ငြိမ်အေးချမ်းရေး တို့အတွက် အစွမ်းကုန် ကြိုးပမ်းအားထုတ် ဆောင်ရွက်လျက်ရှိပါကြောင်း ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော စိန်ရတုလွတ်လပ်ရေးနေ့ကို ဦးညွှတ်ဂုဏ်ပြုရေးသားလိုက်ရပါသည်။ ။

မြင့်စိုး(နတလ)