မြှင့်တင်ပေးသင့်သည့် ပေါ်ထွန်းစလုပ်ငန်း (Startups) များ

အောင်နိုင်ဦး

ပေါ်ထွန်းစလုပ်ငန်းများ၏ အရေးပါမှု

နိုင်ငံအသီးသီးအနေနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်ကြရာမှာ နိုင်ငံကြီးအချို့က နိုင်ငံတကာ ဖြန့်ကြက်လုပ်ဆောင်နိုင်တဲ့ ကုမ္ပဏီကြီးတွေ(Multinational Corporation) ဈေးကွက်ကျယ်ပြန့်အောင် ဆောင်ရွက်တာ၊ နိုင်ငံအချို့က နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းတွေ အင်အားကောင်းအောင်လုပ်ပြီး နိုင်ငံတကာ ဖြန့်ကြက်တာ (Multinational State Owned Enterprises) တွေ ဆောင်ရွက်တဲ့အပြင် နိုင်ငံအများစုမှာ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းတွေကို အားပေးမြှင့်တင်ပေးတာတွေ စတဲ့နည်းလမ်းတွေ ကျင့်သုံးပြီး ဆောင်ရွက်နေကြတာ တွေ့ရမှာဖြစ်ပါတယ်။ မျက်မှောက်ကာလမှာတော့ အဆိုပါ နည်းလမ်းတွေနဲ့ နိုင်ငံ့စီးပွားရေးကို ဖွံ့ဖြိုးအောင်လုပ်ကြတဲ့အပြင် ပိုပြီးလက်တွေ့ကျတဲ့ ပေါ်ထွန်းစ လုပ်ငန်းလေးတွေ (Startups) ဘက်ကို အာရုံပြုပြီး အလေးထား ဆောင်ရွက်လာကြတာကိုလည်း တွေ့မြင်နေရပါတယ်။

ပေါ်ထွန်းစလုပ်ငန်းလေးတွေကို နိုင်ငံအတော်များများက အလေးထားလာရတဲ့ အကြောင်းရင်းတွေပြန်ကြည့်လိုက်ရင်

(၁)     ပေါ်ထွန်းစလုပ်ငန်းများဟာ ဆန်းသစ်တီထွင်မှုရဲ့ ဗဟိုချက်ဖြစ်နေတာ၊

(၂)     အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုဖန်တီး ပေးနိုင်တာ၊

(၃)     ပေါ်ထွန်းစ လုပ်ငန်းလေးတွေဟာ ၎င်းတို့တည်ရှိရာ ဒေသအတွက် တိုက်ရိုက်ကောင်း ကျိုးသက်ရောက်မှုတွေ ပေါ်ပေါက်စေတာ၊

(၄)     အချို့သော နိုင်ငံကြီးများမှာ မြို့ငယ်တွေမှာရှိတဲ့ ပေါ်ထွန်းစ လုပ်ငန်းလေးတွေကြောင့် မြို့ကြီးနဲ့ မြို့ငယ်တွေကြားမှာ ဖြစ်ပေါ်နေတဲ့ကွာဟမှု ကျဉ်းမြောင်းစေခဲ့တာ၊

(၅)    ပေါ်ထွန်းစလုပ်ငန်းလေးတွေရဲ့ ဆန်းသစ်တီထွင်မှုတွေကြောင့် နည်းပညာသစ်တွ ပေါ်ပေါက်စေခဲ့တာ၊

(၆)    နိုင်ငံတော်ရဲ့ အသားတင် ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတန်ဖိုး (GDP) ကိုလည်း တိုးတက်စေတာ စတဲ့ အကျိုးသက်ရောက်မှုတွေကို တစ်စထက်တစ်စ ပိုမိုတွေ့မြင်လာ ရပါတယ်။

အသိသာအထင်ရှားဆုံးကတော့ အလုပ်အကိုင်အခွင့်အလမ်းတွေ အများအပြား ပေါ်ပေါက်စေတာပါပဲ။ ကမ္ဘာပေါ်မှာ ပေါ်ထွန်းစလုပ်ငန်းလေးတွေက ဖန်တီးလိုက်တဲ့ အလုပ်အကိုင်အခွင့်အလမ်းဟာ ကုမ္ပဏီကြီးတွေက ဖန်တီးပေးတဲ့ အလုပ်အကိုင်အခွင့်အလမ်း ပမာဏထက် ပိုမိုများပြားတယ်လို့လည်း ဆိုကြပါတယ်။ ဒစ်ဂျစ်တယ်စီးပွားရေးခေတ်မှာ အရေးပါလာတဲ့ဉာဏ်တု(Artifi cial Intelligence)၊ စက်ရုပ်နည်းပညာ (Robotic Technology) နဲ့ Internet of things စတဲ့ နည်းပညာတွေဟာ ပေါ်ထွန်းစ လုပ်ငန်းလေးတွေရဲ့ ဆန်းသစ်တီထွင်မှုကနေ ပေါ်ပေါက်လာခဲ့တယ်လို့လည်း ဆိုပါတယ်။ အိန္ဒိယလို နိုင်ငံကြီးမျိုးမှာ ပေါ်ထွန်းစလုပ်ငန်း လေးတွေဟာ တစ်ကမ္ဘာလုံး ဖြန့်ကြက်လုပ်ကိုင်နေတဲ့ ကုမ္ပဏီကြီးများရဲ့ ပြင်ပအရင်းအမြစ် (Outsource)အဖြစ် အောင်မြင်စွာ လည်ပတ်နေကြတာကိုလည်း တွေ့ရပါတယ်။

အာဆီယံနိုင်ငံများအတွင်းကို ပြန်လည်သုံးသပ်ကြည့်ရင် လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး ပေါ်ထွန်းစ လုပ်ငန်းလေးတွေအတွက် ဂေဟစနစ် (Ecosystem)ကောင်းတွေ ဖန်တီးပေးနိုင်ဖို့ အဖွဲ့ဝင်နိုင်ငံအတော်များများက ကြိုးပမ်းဆောင်ရွက်လာတာ တွေ့ရပါတယ်။ အာဆီယံနိုင်ငံတွေရဲ့ အနာဂတ်စီးပွားရေးအလားအလာ ပိုမိုကောင်းမွန်စေဖို့အတွက် ဆောင်ရွက်ရာမှာ ပေါ်ထွန်းစလုပ်ငန်းလေးတွေရဲ့ ဂေဟစနစ်ကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးရေးဟာ ပထမဆုံး ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်ဖြစ်တယ်လို့လည်း သုံးသပ်ထားပါတယ်။ ပေါ်ထွန်းစ လုပ်ငန်းလေးတွေအတွက် လုပ်သာကိုင်သာရှိရမယ့် အခြေအနေ ဖန်တီးပေးခြင်း၊ လေ့ကျင့်သားပြည့်ဝပြီး ပါရမီရှိတဲ့ လုပ်သားထုပေါ်ပေါက်အောင် ဆောင်ရွက်ပေးခြင်း၊ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေကို စီးပွားရေးလုပ်ဆောင်မှုနဲ့ပတ်သက်တဲ့ မက်လုံးတွေပေးခြင်းစတဲ့ ကိစ္စရပ်တွေဟာ နိုင်ငံအသီးသီးရဲ့ ပေါ်ထွန်းစလုပ်ငန်းလေးတွေကို အရှိန်ရလာစေပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုပေါ်ပေါက်စေကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုများစွာ အထောက်အကူ ဖြစ်လိမ့်မယ်လို့လည်း သုံးသပ်ချက်များ ဖော်ထုတ်ထားတာကို တွေ့ရပါတယ်။

ပေါ်ထွန်းစလုပ်ငန်းများအတွက် ဂေဟစနစ်

ပေါ်ထွန်းစလုပ်ငန်းလေးတွေ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘက်စုံထောင့်စုံက ချဉ်းကပ်ဆောင်ရွက်ပေးမယ့် အစီအစဉ်တွေ လိုအပ်ပါတယ်။ အဆိုပါ အစီအစဉ်တွေထဲမှာ ငွေကြေး အရင်းအမြစ်ရရှိအောင် ဆောင်ရွက်ပေးခြင်း၊ ပင်ကိုအရည်အသွေးရှိသူတွေကို လေ့ကျင့်ပျိုးထောင်ပေးခြင်း၊ ပေါ်ထွန်းစလုပ်ငန်းလေးတွေအတွက် ဈေးကွက် ဖန်တီးပေးခြင်း စတာတွေ လိုအပ်တဲ့အပြင် အရေးအကြီးဆုံးကတော့ ကြိုးနီစနစ်ကို ဖယ်ရှားပြီး စည်းမျဉ်းနဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာ ဖြေလျှော့မှုတွေဆောင်ရွက်ပေးဖို့ ဖြစ်ပါတယ်။ တကယ်တော့ ပေါ်ထွန်းစ လုပ်ငန်းလေးတွေအတွက် မိတ်ဖက်ဖြစ်စေမယ့် မူဝါဒတွေ (Startup Friendly Policy) ချမှတ်ပေးရာမှာ အစိုးရ အနေနဲ့ ငွေကြေးပမာဏ အများအပြားကျခံဖို့၊ မက်လုံးတွေပေးဖို့ထက် အစိုးရဌာနအသီးသီးရဲ့ လက်ရှိကျင့်သုံး ဆောင်ရွက်နေတဲ့ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်း ဆိုင်ရာ အခြေအနေတွေကို ပြောင်းလဲကျင့်သုံးပေးမှုက ပိုမိုထိရောက်စေမှာ ဖြစ်ပါတယ်။ ပေါ်ထွန်းစလုပ်ငန်းလေးတွေ အရှိန်ရလာစေဖို့၊ ၎င်းတို့ရဲ့ ထုတ်ကုန်တွေကို ပြည်ပကိုတင်ပို့နိုင်ဖို့ ကုန်သွယ်မှုဆိုင်ရာ အတားအဆီးတွေကိုလည်း ဖြေလျှော့ဖယ်ရှားပေးနိုင်ဖို့ လိုအပ်ပါတယ်။ အချို့သော နိုင်ငံများမှာတော့ စီးပွားရေးလုပ်ငန်းများကို တက္ကသိုလ်များနဲ့ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်စေပြီး ပါရမီရှိသူများကို ပျိုးထောင်ပေးခြင်းဖြင့် အလားအလာရှိတဲ့ ပေါ်ထွန်းစလုပ်ငန်းများ ပေါ်ပေါက်စေတာကိုလည်း တွေ့ရပါတယ်။ အချို့နိုင်ငံများမှာတော့ ပေါ်ထွန်းစ လုပ်ငန်းများအတွက် ကော်ပိုရိတ်ဝင်ငွေခွန်ကို နှုန်းထား လျှော့ချသတ်မှတ်ပေးခြင်း၊ ကုမ္ပဏီကြီးများက ပေါ်ထွန်းစ လုပ်ငန်းလေးတွေမှာ အရင်းအနှီးထည့်ဝင် ဆောင်ရွက်နိုင်ဖို့အတွက် လမ်းဖွင့်ပေးခြင်း၊ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများအတွက် ကူညီဆောင်ရွက်ပေးခြင်း စတာ တွေကို လုပ်ကိုင်ပေးနေတာလည်း လေ့လာတွေ့ရှိရပါတယ်။

စင်ကာပူနိုင်ငံအတွင်းက ပေါ်ထွန်းစလုပ်ငန်းများ

စင်ကာပူနိုင်ငံအစိုးရကတော့ မိတ်ဖက်မျိုးစုံနဲ့တက်ကြွ စွာပူးပေါင်းပြီး စင်ကာပူနိုင်ငံကို အာရှပေါ်ထွန်းစ လုပ်ငန်းများရဲ့ မြို့တော်ဖြစ်အောင် ဆောင်ရွက်ဖို့ ရည်မှန်း ချက်ထားပြီး ကြိုးပမ်းနေတာ တွေ့ရှိရပါတယ်။ စင်ကာပူနိုင်ငံမှာရှိတှဲ့ Startup SG နဲ့ Enterprise Singapore စတဲ့ အဖွဲ့အစည်းတွေဟာ ပေါ်ထွန်းစလုပ်ငန်းများကို ဘဏ္ဍာရေးနဲ့ အခြားအထောက်အပံ့တွေ ပေးနိုင်ဖို့အတွက် ကနဦးအစီအမံများစွာ ချမှတ်ဆောင်ရွက်နေတာကိုလည်း တွေ့ရပါတယ်။ စင်ကာပူအစိုးရလုပ်နေတဲ့ အစီအစဉ်တွေကို  ဆန်းစစ်ကြည့်ရင် ပေါ်ထွန်းစလုပ်ငန်းလေးတွေအတွက် ဘက်စုံအောင် စဉ်းစားဆောင်ရွက်ထားကြောင်း အောက်ပါအတိုင်း တွေ့ရပါတယ်-

(၁)     Startup SG Founder ဟာ တီထွင်ဆန်း သစ်တဲ့ စီးပွားရေးစိတ်ကူးစိတ်သန်းတွေနဲ့ ပထမဆုံး စတင်ထူထောင်တဲ့ ပေါ်ထွန်းစ လုပ်ငန်းလေးတွေကို လိုအပ်တဲ့ လမ်းညွှန်ပြသ မှု၊ ငွေကြေးထောက်ပံ့ပေးမှု ဆောင်ရွက်ပေးပါတယ်။ ငွေကြေးထောက်ပံ့ပေးရာမှာ ပေါ်ထွန်းစလုပ်ငန်းက စင်ကာပူတစ်ဒေါ်လာ ရင်းနှီးမြှုပ်နှံတိုင်း Startup SG Founder က သုံး ဒေါ်လာနှုန်းနဲ့ ဒေါ်လာသုံးသောင်းအထိထည့်ဝင်ပေးပါတယ်။

(၂)     Startup SG Tech ဟာ လက်ရှိဈေးကွက်ကို အပြောင်းအလဲ ဖြစ်စေနိုင်တဲ့အပြင် ဈေးကွက်အသစ်ကိုပါ ဖန်တီးပေးနိုင်လောက်မယ့် နည်းပညာသစ်နဲ့ ဆောင်ရွက်နိုင်စွမ်းရှိမယ့် ပေါ်ထွန်းစ လုပ်ငန်းလေးတွေကို စီမံကိန်းထောက်ပံ့ငွ ပေးအပ်မြှင့်တင်ပေးတာ တွေ့ရပါတယ်။

(၃)    Startup SG Equityဟာ နည်းပညာ အခြေခံတဲ့ ပေါ်ထွန်းစလုပ်ငန်းလေးတွေမှာ စင်ကာပူအစိုးရက ပူးတွဲပါဝင်ရင်းနှီးမြှုပ်နှံပေးတဲ့ အစီအစဉ်ဖြစ်ပါတယ်။ အဓိကအားဖြင့် လက်ရှိကျင့်သုံး ဆောင်ရွက်နေတဲ့ နည်းပညာတွေကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်မယ့် ပေါ်ထွန်းစလုပ်ငန်းတွေမှာ စင်ကာပူအစိုးရက ၇၀ ရာခိုင်နှုန်းအထိ ထည့်ဝင်ပြီး ကနဦးရင်းနှီးမြှုပ်နှံမှု စင်ကာပူဒေါ်လာ နှစ်သိန်းခွဲအထိ ထည့်ဝင်ပါတယ်။ နောက်ပိုင်းမှာ ပေါ်ထွန်းစလုပ်ငန်းက တစ်ဒေါ်လာရင်းနှီး မြှုပ်နှံတိုင်း အစိုးရက တစ်ဒေါ်လာထည့်ဝင်ပြီး ဒေါ်လာနှစ်သန်းအထိ ရင်းနှီးမြှုပ်နှံပေးတဲ့ အစီအစဉ်ဖြစ်ပါတယ်။

(၄)   Startup SG Talentအစီအစဉ်ကတော့ကမ္ဘာတစ်ဝန်းက စွန့်ဦးတီထွင်လုပ်ကိုင်သူတွေကို ဆွဲဆောင်နိုင်ဖို့ အလုပ်လုပ်ခွင့်၊ အလုပ်သင်အစီအစဉ် စတာတွေ ဆောင်ရွက်ပေးတဲ့ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါတယ်။

(၅)   Startup SG Loan ကတော့ ပေါ်ထွန်းစ လုပ်ငန်းလေးတွေရဲ့ မတည်ရင်းနှီးငွေ၊ စက်ပစ္စည်းတွေ ဝယ်ယူဖို့အတွက် ငွေကြေး ထောက်ပံ့ခြင်း၊ ကုန်သွယ်မှုအတွက် ငွေကြေး ထောက်ပံ့ခြင်း စတာတွေကို စင်ကာပူနိုင်ငံအတွင်းမှာရှိတဲ့ ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းများနဲ့ပူးပေါင်းပြီး ချေးငွေထုတ်ပေးတဲ့အစီအစဉ် ဖြစ်ပါတယ်

အသိုက်အမြုံများ ဖန်တီးခြင်း

ဖွံ့ဖြိုးပြီးနဲ့ဖွံ့ဖြိုးဆဲနိုင်ငံအချို့မှာ ပေါ်ထွန်းစလုပ်ငန်းလေးတွေအတွက် စရိတ်ကျဉ်းကျဉ်းနဲ့ ထိထိရောက်ရောက် မိမိတို့လုပ်ငန်းတွေ ဆောင်ရွက်နိုင်စေဖို့ အသိုက်အမြုံ (Incubator) များကို ထူထောင်ပေးထားတာလည်း တွေ့ရပါတယ်။ ပေါ်ထွန်းစလုပ်ငန်းလေးတွေဟာ Incubator တွေမှာ မိမိရဲ့လုပ်ငန်းကို ထူထောင်ဖွင့်လှစ်ပြီး အခြားပေါ်ထွန်းစလုပ်ငန်းများနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း၊ သတင်းအချက်အလက် ဖလှယ်ခြင်း၊ နည်းပညာမျှဝေခြင်း စတာတွေကို ဆောင်ရွက်နိုင်ကြပါတယ်။ အဆိုပါ Incubator တွေဟာ တဖြည်းဖြည်းနဲ့ နိုင်ငံရဲ့တီထွင်ဖန်တီး ဆန်းသစ်ရာ ဗဟိုချက်တွေအဖြစ် ပြောင်းလဲလာကြတာကိုလည်း တွေ့ရှိရပါတယ်။ Incubator တွေ ထူထောင်နိုင်ဖို့အတွက် အစိုးရက လိုအပ်တဲ့ အထောက်အပံ့တွ ဆောင်ရွက်ပေးတာကိုလည်း တွေ့ရှိရပါတယ်။

ပေါ်ထွန်းစလုပ်ငန်းများနဲ့ မြန်မာနိုင်ငံ

၂၀၁၈ ခုနှစ် မေလက စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန UNU-WIDER တို့ ပူးပေါင်း ဆောင်ရွက်တဲ့ မြန်မာနိုင်ငံ အငယ်စား၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ စစ်တမ်း ၂၀၁၇ အရ မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းအများစုဟာ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ အများအပြားစုစည်း ဆောင်ရွက်နေတယ်လို့ တွေ့ရပြီး အဓိက စီးပွားရေးလုပ်ငန်းကတော့ စားသောက်ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းတွေဖြစ်ကြောင်း တွေ့ရပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတွေမှာ ချည်မျှင်နဲ့အထည်လုပ်ငန်းတွေ၊ မြောက်ပိုင်း ဒေသမှာ သစ်အခြေခံလုပ်ငန်းတွေ၊ တောင်ပိုင်းဒေသမှာ သတ္တုမဟုတ်တဲ့ တွင်းထွက်ပစ္စည်းဆိုင်ရာ ကုန်ထုတ်လုပ်ငန်းတွေ အဓိက ဖြန့်ကြက်နေကြောင်း တွေ့ရှိရပါတယ်။ အဆိုပါ လုပ်ငန်းအများစုဟာ တီထွင်ဆန်းသစ်မှု အတော်နည်းပါးပြီး နည်းပညာကလည်း နိမ့်ပါးနေတယ်လို့တွေ့ရှိရပါတယ်။ ဒါ့အပြင် အသုံးပြုတဲ့ စက်ကိရိယာများဟာ လက်လုပ်ပစ္စည်းတွေ၊ ခေတ်နောက်ကျတဲ့ တစ်ပတ်ရစ်ပစ္စည်းတွေ ဖြစ်နေပြီး လုပ်ငန်းများရဲ့ ၂၀ ရာခိုင်နှုန်း လောက်ကသာ နည်းပညာပါတဲ့ စက်ကိရိယာတွေကို ဝယ်ယူတင်သွင်း အသုံးပြုကြကြောင်း တွေ့ရှိရပါတယ်။ ဒါ့အပြင် ကုန်ပစ္စည်းထုတ်လုပ်သူတွေမှာ နည်းပညာ အကန့်အသတ်ရှိနေတဲ့အတွက် ကုန်ထုတ်လုပ်ငန်းတွေဟာ နည်းပညာ လွှဲပြောင်းမှု အားနည်းနေကြောင်း၊ ကုန်ပစ္စည်း တစ်ခုတည်းကိုသာ ထုတ်လုပ်မှုအတွက် အားသန်နေကြောင်း၊ တီထွင်ဆန်းသစ်မှုနှုန်းကလည်း အလွန်နိမ့်ပါးနေကြောင်း၊ နိုင်ငံတကာဈေးကွက်ဝင်နိုင်ဖို့ စံချိန်စံညွှန်း အသိအမှတ်ပြု လက်မှတ်ရရှိမှုကလည်း အတော်ပင်နည်းပါးနေကြောင်း သုံးသပ်ဖော်ထုတ်ထားတာကို တွေ့ရှိရပါတယ်။

DaNa Facility၊ UK aid  နဲ့ The AsiaFoundation တို့က စစ်တမ်းပြုထုတ်ဝေတဲ့ “ The Myanmar Business Environment Index 2019” မှာ စစ်တမ်းကောက်ယူရရှိချက်အရ မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်း ၆၅ ရာခိုင်နှုန်းဟာ မြို့နယ်အဆင့်က ထုတ်ပေးတဲ့ လိုင်စင်များဖြင့် စီးပွားရေးလုပ်ငန်းဆောင်ရွက်နေကြကာ ၁၇ ရာခိုင်နှုန်းခန့်ဟာ ရန်ကုန်နှင့် မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီများမှာ မှတ်ပုံတင်ထားကြပြီး ခြောက်ရာခိုင်နှုန်းကသာ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန မှာ မှတ်ပုံတင်ပြီး ဆောင်ရွက်နေကြောင်း၊ စီးပွားရေး လုပ်ငန်းများရဲ့ ၁၅ ရာခိုင်နှုန်းဟာ မည်သည့်မှတ်ပုံတင်မျှ မရှိဘဲ တရားဝင်လုပ်ငန်းအဖြစ် ရပ်တည်နေခြင်း မရှိကြောင်း တွေ့ရှိရပါတယ်။

အထက်ပါ အခြေအနေများအရ မြန်မာနိုင်ငံရဲ့စီးပွားရေးလုပ်ငန်းများ တီထွင်ဆန်းသစ်မှု၊ စံချိန်စံညွှန်းမီ ကုန်ပစ္စည်းများထုတ်လုပ်နိုင်မှုတို့အတွက် အခြားနိုင်ငံများနည်းတူ ပေါ်ထွန်းစလုပ်ငန်းများကို အားပေးမြှင့်တင်သွားဖို့ လိုအပ်နေတယ်လို့ သုံးသပ်နိုင်ပါတယ်။ ပေါ်ထွန်းစလုပ်ငန်းများ စနစ်တကျမှတ်ပုံတင် ဆောင်ရွက်နိုင်ဖို့လည်း လမ်းခင်းပေးဖို့လိုတယ်လို့လည်း သုံးသပ်ရရှိပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ စီးပွားရေးလုပ်ငန်းငယ်များအပါအဝင် မည်သည့်စီးပွားရေး လုပ်ငန်းမဆို ကုမ္ပဏီအဖြစ် ထူထောင်ရပ်တည်ပြီး ခိုင်ခိုင်မာမာ လုပ်ငန်းချဲ့ထွင်သွားနိုင်ဖို့အတွက် ကုမ္ပဏီဥပဒေကို ပြန်လည်ပြင်ဆင်ပေးခဲ့တဲ့အပြင် ကုမ္ပဏီမှတ်ပုံတင်ခြင်း အပါအဝင် ကုမ္ပဏီဆိုင်ရာ လုပ်ငန်းတွေအွန်လိုင်းက အလွယ်တကူ ဆောင်ရွက်နိုင်အောင MyCO  လို့ခေါ်တဲ့ အီလက်ထရွန်နစ် မှတ်ပုံတင်စနစ်ကိုလည်း ထူထောင်ပေးခဲ့ပြီး ဖြစ်ပါတယ်။ MyCO ထူထောင်နိုင်ခဲ့တဲ့အတွက် နိုင်ငံအတွင်းက စီးပွားရေး လုပ်ငန်းသစ်များ ကုမ္ပဏီအဖြစ် ထူထောင်နိုင်မှု တိုးတက်လာတာကို အောက်ပါအတိုင်း တွေ့ရမှာဖြစ်ပါတယ်-

 

mdn

 

ကုမ္ပဏီမှတ်ပုံတင်လုပ်ငန်းများ လွယ်ကူအောင်ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းဟာ ပေါ်ထွန်းစလုပ်ငန်းများ အတွက် အဓိကကျတဲ့ အခြေခံတစ်ခုကို ဖန်တီးပေး နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ပေါ်ထွန်းစလုပ်ငန်းတွေအတွက် အထောက်အကူပြုမယ့် အခြားအခြေအနေတွေ  ဖန်တီးပေးနိုင်ဖို့လည်း ဝိုင်းဝန်းကြိုးပမ်းပေးကြဖို့လိုအပ်ပါတယ်။ ယနေ့ ကမ္ဘာ့မျက်မှောက်အခြေအနေအရ နိုင်ငံအများစုမှာ ပေါ်ထွန်းစလုပ်ငန်းများ ပိုမိုတိုးတက်များပြားလာသည်နှင့်အမျှ တီထွင်ဆန်းသစ်မှုနဲ့ဖန်တီးဆောင်ရွက်မှုကလည်း ပိုမိုအားကောင်းလာမှာ ဖြစ်ပါတယ်။ စွန့်ဦးတီထွင်မှုဟာ နိုင်ငံတစ်ခုရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အားကောင်းလာစေမယ့် အထောက်အပံ့လည်း ဖြစ်ပါတယ်။ စွန့်ဦးတီထွင်မှုဟာ ပေါ်ထွန်းစ လုပ်ငန်းများ အားကောင်းတိုးတက်လာစေမှုနဲ့လည်း ဆက်စပ်လျက်ရှိပြန်ပါတယ်။ ပေါ်ထွန်းစ လုပ်ငန်းများရဲ့ တီထွင်ဆန်းသစ်မှုနဲ့ စိတ်ကူးစိတ်သန်းဟာ အနာဂတ်နိုင်ငံ့စီးပွားရေးမှာ ပိုမိုအရေးပါလာမှာလည်း ဖြစ်တဲ့အတွက် မြန်မာနိုင်ငံအတွင်း ပေါ်ထွန်းစလုပ်ငန်းများ ပိုမိုပေါ်ထွက်လာပြီး နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါတဲ့ ဒေါက်တိုင်များအဖြစ် ရောက်ရှိစေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ ။

ကြေးမုံ