မင်းတုန်းမြို့နယ် သဒွန်းကျေးရွာ၌ ကျေးရွာအဝင် ကွန်ကရစ်တံတား ဖွင့်လှစ်

မင်းတုန်း  ၃၁   မေ  


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်း ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော မင်းတုန်းမြို့နယ်၊ ပိန္နဲပင်ကျေးရွာအုပ်စု၊ သဒွန်းကျေးရွာတွင် ကျေးရွာအဝင် ကွန်ကရစ်တံတား ဖွင့်ပွဲကို ယမန်နေ့က အဆိုပါကျေးရွာတံတားအနီး၌ ကျင်းပခဲ့သည်။

 

1

 


အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးလူထုဗဟိုပြုစီမံကိန်းတာဝန်ခံ ဦးသန်းထိုက်ဇော်နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင်ဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးမင်းထွန်းတို့က အဖွင့်အမှာစကားပြောကြားပြီး ကျေးရွာလူထုဗဟိုပြုစီမံကိန်းစီမံခန့်ခွဲရေးနှင့်အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးဘစောမြင့်က ကျောက်ရိုးစီ ကွန်ကရစ် တံတားဆောင်ရွက်ခဲ့မှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။


ထို့နောက် ကျေးရွာအဝင်ကွန်ကရစ်တံတားဖွင့်ပွဲမုဒ်ဦးကို မကွေးတိုင်းဒေသကြီး လူထုဗဟိုပြုစီမံကိန်း တာဝန်ခံ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊  မြို့နယ် လူထုဗဟိုပြု စီမံကိန်းတာဝန်ခံတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ 


အဆိုပါ ကျေးရွာအဝင်ကျောက်ရိုးစီကွန်ကရစ်တံတား အရှည် ၆၀ ပေ၊ အကျယ် ၁၄ ပေ၊ အမြင့် ၂၅ ပေ တည်ဆောက်ခြင်း လုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ် ၁၈၄ သိန်း၊ ပြည်သူထည့်ဝင်ငွေကျပ် ၁၆၉ သိန်းဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းဝန်ထမ်းများက အနီးကပ်ကြီးကြပ်ကာ ကျေးရွာသူ ကျေးရွာသားများ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 


အဆိုပါ ကွန်ကရစ်တံတားဆောင်ရွက်နိုင်မှုကြောင့် သဒွန်းကျေးရွာအပါအဝင် ပိန္နဲကျေးရွာ ဆင်သေကျေးရွာများရှိ အိမ်ခြေ (၁၉၇)၊ လူဦးရေ(၆၈၁)ဦး ရာသီမရွေးသွားလာနိုင်မှာဖြစ်ပြီး ယခင်ကထက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စများ ပိုမိုဆောင်ရွက်နိုင်တော့မှာဖြစ်ကြောင်း သိရသည်။


သန်းလွင်(မကွေး)