မင်းတုန်းမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ ရာသီမရွေး သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရန် ရေတွင်းများ တူးဖော်လှူဒါန်း

ပွင့်ဖြူ မေ ၁

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် ကျောက်ပြုတ်ကျေးရွာနှင့် ခုန်တိုင်ကျေးရွာတို့တွင် ဒေသခံကျေးလက်နေ ပြည်သူများ ရာသီမရွေး သောက်သုံးရေဖူလုံစေရန်အတွက် မန္တလေးမြို့မှ အလှူရှင် အဘထွားနှင့် ဆွေမျိုးသားချင်းများပရဟိတ ပူးပေါင်းအဖွဲ့က  လက်ယက်ရေတွင်းများ တူးဖော်လှူဒါန်းပေးသဖြင့် ကျေးရွာနေ ပြည်သူများ သောက်သုံးရေ အဆင်ပြေစွာ သုံးစွဲခွင့်ရရှိ၍ ဝမ်းသာပျော်ရွှင်လျက်ရှိနေကြကြောင်း သိရသည်။

 

မင်းတုန်းမြို့နယ် ကျောက်ပြုတ်ကျေးရွာတွင် အိမ်ခြေ ၈၀ ခန့်ရှိပြီး ခုန်တိုင်ကျေးရွာတွင် အိမ်ခြေ ၆၅ အိမ်ခန့် ရှိကာ ဒေသခံပြည်သူများမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို စီးပွားဖြစ် လုပ်ကိုင်ကြကြောင်း သိရသည်။ နှစ်စဉ် ပွင့်လင်းရာသီချိန်၌ သောက်သုံးရေ ရှားပါးမှုအခက်အခဲများ ရင်ဆိုင်ကြုံတွေ့ရလေ့ရှိသောကြောင့် ရာသီမရွေး သောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်ရန်အတွက် မန္တလေးမြို့မှ အလှူရှင် အဘထွားနှင့် ဆွေမျိုးသားချင်းများ ပရဟိတအဖွဲ့က ကျေးရွာ တစ်ရွာလျှင် ငွေကျပ် ၂၅ သိန်း အကုန်အကျခံ၍ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလဆန်းပိုင်းမှစတင်၍ လက်ယက် ရေတွင်းအား တူးဖော်လှူဒါန်းပေးခဲ့ရာ ဧပြီ ၁၅ ရက်က လက်ယက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် တူးဖော်ပြီးစီးခဲ့ကြောင်း သိရသည်။ ယခုအခါ လက်ယက်ရေတွင်း တူးဖော်ပြီးစီးသွားပြီဖြစ်၍ ဒေသခံပြည်သူများ သောက်သုံးရေဖူလုံစွာ ရယူသုံးစွဲခွင့်ရရှိပြီဖြစ်ကြောင်း မင်းတုန်းမြို့နယ်ကျောက်ပြုတ်ကျေးရွာရှိ ဒေသခံပြည်သူများထံမှ သိရသည်။

 

မန္တလေးမြို့မှ အလှူရှင် အဘထွားနှင့် ဆွေမျိုးသားချင်းများပရဟိတ စုပေါင်းအဖွဲ့သည် ယခုကဲ့သို့ သောက်သုံးရေ ရှားပါးသည့် ကျေးရွာများအတွက် ရေတွင်းတူးဖော်လှူဒါန်းပေးခြင်းအပြင် ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ တစ်ကိုယ်တော်ပရဟိတအဖွဲ့နှင့် ချိတ်ဆက်၍ မင်းဘူးခရိုင်အတွင်းရှိ ပွင့်ဖြူ၊ စလင်း၊ စေတုတ္တရာမြို့နယ်မှ သက်ကြီးဘိုးဘွားများ သက်ရှည်ကျန်းမာစွာ နေထိုင်သွားနိုင်ရေးအတွက် လူနေအိမ်များ ဆောက်လုပ်လှူဒါန်းခြင်း၊ ဆင်းရဲနွမ်းပါး ဝင်ငွေနည်းအိမ်ထောင်စုများ စားဝတ်နေရေး အဆင်ပြေစေရန် အဝတ်အထည်နှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းများကို ကူညီထောက်ပံ့လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။   

 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)