မနက်စောစောထပါလို့ ပြောရတဲ့ အကြောင်းအရင်း

၂၉ ဩဂုတ်

မနက်ဆို အစောကြီးမထချင်တဲ့ အိပ်ပုပ်လေးတွေရှိရင် လက်တို့ပြီး ဒီဆောင်းပါးလေး တူတူဖတ်ကြည့်နော်……. မနက်စောစောထရတာက စိတ်ရောကိုယ်ပါ လန်းဆန်းစေနိုင်တဲ့ အချက်တစ်ခုမို့ဖြစ်နိုင်ရင် အိပ်ရာစောစောထတာက ကောင်းတဲ့ အလေ့အထတစ်ခုလို့ ပြောချင်ပါတယ်။

 

မနက်စောစောထတာကောင်းလား

မနက်ခင်းစောစောလေးထ၊ လေ့ကျင့်ခန်းလုပ်၊ ရေချိုး၊ မနက်စာစားလိုက်ရတဲ့ ခံစားချက်က စိတ်ရော ကိုယ်ပါ လန်းဆန်း စေနိုင်ပါတယ်။ လုပ်စရာတွေကိုစောစောစီးစီနဲ့ အကောင်းဆုံးလုပ်ဆောင် နိုင်စေဖို့လည်း အထောက်အကူပြုပေးပါတယ်။ မနက်ခင်းနေရောင်ခြည်နဲ့ မနက်ခင်းရဲ့ သန့်စင်တဲ့ လေနုအေးတွေက ခန္ဓာကိုယ်အတွက် တော်တော်လေး အထောက်အကူပြုပေးနေတာပါ။ ဒီလောက် ဆိုရင်တော့ မနက်ခင်းစောစောထတာက ကောင်းတယ်လို့ ပြောချင်နေတယ်ဆိုတာ သိလောက်ရောပေါ့……..

 

မနက်စောစောထရင် ရရှိမယ့်အကျိုးကျေးဇူးတွေက

မနက်စောစောလေးထလိုက်ရင် ဘာမှမထူးသွားလောက်ပါဘူးလို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် ထူးခြားသွားမှာတွေက အများကြီးပါ။

 

ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ပိုင်ဆိုင်နိုင်စေနိုင်ပါတယ်

ညဘက်တော်တော်နဲ့ မအိပ်တတ်ကြသူတွေက ကိုယ်အလေးချိန် ပိုတက်နိုင်ပါတယ်။ အိပ်ရာဝင်ချိန် နောက်ကျလေလေ ကယ်လ်လိုရီများတာတွေ ပိုစားမိလေလေပါ။ ဒီလိုမျိုး အသင့်စား၊ အလွယ်စား အစာတွေကို အိပ်ရာဝင်နောက်ကျတိုင်း စားနေမှတော့ ကိုယ်အလေးချိန် တက်လာမယ် ဆိုတာပြောနေစရာတောင် မလိုအောင်ပေါ့။ ဒီလိုကနေတစ်ဆင့် ကိုယ်အလေးချိန်များလာမယ်၊ အဆီတွေပိုစုမိပြီး ရောဂါတွေပါ ဝင်လာနိုင်ပါသေးတယ်။

 

ဆီးချိုရောဂါ ကင်းစေနိုင်တယ်

ညဘက်ကို စောစောအိပ်ရာဝင်ပြီး မနက်ခင်း စောစောထသူတွေက အိပ်ရေးပျက်မှုကင်းတာကြောင့် ကျန်းမာတဲ့ ဇီဝကမ္မဖြစ်စဉ်ကို ပိုင်ဆိုင်ကြပြီး ဆီးချိုဖြစ်နိုင်ခြေ တော်တော်လေးနည်းပါတယ်။

 

နှလုံးရောဂါဖြစ်နိုင်နည်းတယ်

စောစောအိပ်တာက ကျန်းမာရေးနဲ့ မညီညွတ်တာတွေစားမိနိုင်ခြေကို ၅၀ ရာခိုင်နှုန်းကနေ ၆၅ ရာခိုင်နှုန်း လောက်ထိလျှော့ချ ပေးနိုင်ပါတယ်။ ဒါကြောင့်စောစော အိပ်သူတွေကပြည့်ဝတဲ့ အိပ်စက်ချိန်ရရှိမှုနဲ့အတူ အဆီများပြီး အငန်ကဲတဲ့ အသင့်စားအစာအစာတွေကို စားမိနိုင်ခြေ နည်းတာကြောင့် နှလုံးရောဂါခံစားရနိုင်ခြေနည်းစေနိုင်ပါတယ်။

 

အစာခြေစနစ်ကို ကျန်းမာစေနိုင်တယ်

ညကိုစောစောအိပ်ပြီး မနက်စောစောထသူတွေက အစာခြေစနစ်ပြဿနာကင်းကြသလို ဆီး၊ ဝမ်းလည်း မှန်ပါတယ်။ မနက်တိုင်းဝမ်းမှန်မှန်သွားလို့ အစာခြေစနစ်ပြဿနာကင်းဖို့ဆိုရင် ညဘက်ကို စောစောအိပ်ဖို့ လိုမယ်နော်။

 

အကောင်းမြင်စိတ်များတယ်

လူတစ်ယောက် ကျန်းမာနေဖို့က အကောင်းမြင်စိတ်ရှိဖို့လည်း လိုပါမယ်။ မနက်ခင်းစောစောထ တဲ့သူတွေက အကောင်းမြင်စိတ် ပိုများတတ်ကြပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြသလို ရုပ်ပိုင်းဆိုင်ရာလည်း ကျန်းမာကြပါတယ်။ လေ့လာမှုတွေအရ မနက်ခင်းအိပ်ရာ စောစောထတတ် သူတွေက စိတ်ကျေနပ်မှု အမြဲလိုလို ပြည့်နေပြီးပျော်ရွှင် နေတတ်သူတွေလည်း ဖြစ်တယ်လို့ သိရပါတယ်။

 

အထိုင်မများဘူး

မနက်စောစောထတတ်သူတွေက တစ်နေ့တာမှာ လန်းဆန်းတက်ကြွနေတတ်ပြီး လှုပ်လှုပ်ရှားရှား နေတတ်ကြပါတယ်။ ဒါကြောင့်ပဲ အထိုင်များတဲ့ ဘဝနေထိုင်မှုပုံစံကင်းပြီး ကျန်းမာနေစေဖို့ အများကြီး အထောက်အကူဖြစ်စေမှာပါ။

 

စိတ်ဓာတ်ကျနိုင်ခြေနည်းတယ်

မနက်စောစောထလေ့ရှိသူတွေက စိတ်ဓါတ်ကျနိုင်ခြေ နည်းကြပါတယ်။ မနက်ခင်းမှာ နေရောင်နုနုလေးနဲ့ ထိတွေ့တာ၊ ကျေးငှက်လေးတွေရဲ့ အသံလေးတွေကို နားထောင်ရတာက စိတ်ကြည်လင်စေပြီး အကောင်းမြင်စိတ်များစေနိုင်ပါတယ်။ အကောင်းမြင်စိတ်များတဲ့သူတွေက စိတ်ကျေနပ်မှုအမြင့်မားဆုံး ရရှိသူတွေဖြစ်ကြပြီး စိတ်ဓါတ်ကျမှုနဲ့ ခပ်ကင်းကင်းနေနိုင်ကြပါတယ်။

 

အသားအရေကျန်းမာစေနိုင်တယ်

မနက်စောစောထတဲ့သူတွေရဲ့ အသားအရေက အောက်ဆီဂျင်ကို ပြည့်ပြည့်ဝဝရရှိသလို သွေးလည်ပတ်မှု ကောင်းတာကြောင့် ကြည်ကြည်လင်စိုပြေတဲ့ အသားအရေလေးကို ပိုင်ဆိုင်နိုင် စေမှာပါ။ မနက်ခင်း စောစောမှာ အသားအရေ ထိန်းသိမ်းမှုတွေ လုပ်ပေးတာက သင့်ကို တစ်နေ့တာလုံး ကြည့်ကောင်းနေစေဖို့ ထောက်ပံ့ပေးနိုင်မှာပါ။

 

မနက်ခင်းမှာ မနက် ၅ နာရီ ခွဲကနေ ၆ နာရီအတွင်း အိပ်ရာနိုးထမှုက ကိုယ်ရောစိတ်ပါကျန်းမာလို့နေ့စဉ် ဘဝမှာ အောင်မြင်မှုတွေရရှိအောင် စွမ်းဆောင်နိုင်သူဖြစ်စေမှာပါ။ ဒီတော့ ညဘက်ကို ညဉ့်နက်မခံဘဲ စောစောအိပ်လို့ မနက်ခင်းကိုလည်းစ ောစောထဖို့ပြောပါရစေ………………..

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ရေးသားသူ Aye Thi Mon

ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်