မန်ကျည်းသီးတက်ခူးစဉ် ဓာတ်လိုက်၍ မန်ကျည်းပင်ပေါ်မှ ပြုတ်ကျသေဆုံး

မယ်စဲ့   ၁၈ ဖေဖော်ဝါရီ

 

ကယားပြည်နယ် ဘောလခဲခရိုင် မယ်စဲ့မြို့နယ်တွင် ယမန်နေ့မွန်းတည့် ၁၂ နာရီက ဟိုစဲ့မြို့သစ်၊ ရှမ်းပိုင်းရှိ လူမနေသည့်ခြံအတွင်း မန်ကျည်းပင်ပေါ်မှလူတစ်ဦး ပြုတ်ကျကြောင်း သတင်းအရ မယ်စဲ့မြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူးသန်းအောင်နှင့် တပ်ဖွဲ့ဝင်များသည် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။

 

ထိုသို့စစ်ဆေးစဉ် သေဆုံးသူမှာ ဟိုစဲ့မြို့သစ်၊ ရှမ်းပိုင်းနေ စောကလိုထူးဝါး(၃၈)နှစ်ဖြစ်ပြီး အမြင့် ၂၅ ပေခန့်ရှိ မန်ကျည်းပင်ပေါ်တွင် မန်ကျည်းသီးတက်ခူးစဉ် မန်ကျည်းကိုင်းနှင့် 11KV ဓာတ်အားလိုင်းနှင့်ထိ၍ ဓာတ်လိုက်ပြီး မန်ကျည်းပင်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့ကြောင်း သိရသည်။

 

သေဆုံးနေသောအမျိုးသားအား မယ်စဲ့မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စစ်ဆေးရာ မန်ကျည်းကိုင်းနှင့် ဓာတ်ကြိုးထိမိပြီး ညာလက်မှလျှပ်စီးဝင်ကာ ပြုတ်ကျသေဆုံးခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် မယ်စဲ့မြို့မရဲစခန်းက သေမှုသေခင်းဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

ဝတ်ရည်(ပြန်/ဆက်)