မှန်ကန်သောအသက်မွေးမှုဆုကို ရာသီဥတုပြောင်းလဲရေးဆိုင်ရာ လှုပ်ရှားသူ ဂရီတာသန်းဘတ် ဆွတ်ခူး

စတော့ဟုမ်း ၂၆ စက်တင်ဘာ

ဆွီဒင်လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် မှန်ကန်သော အသက်မွေးမှုဖောင်ဒေးရှင်း မှ ချီးမြှင့်သော မှန်ကန်သော အသက်မွေးမှုဆုကို ရာသီဥတုပြောင်းလဲရေးဆိုင်ရာ လှုပ်ရှားသူဂရီတာသန်းဘတ်က ဆွတ်ခူးရရှိကြောင်း အဆိုပါအဖွဲ့က ယနေ့ကြေညာခဲ့သည်။

ယခုကဲ့သို့ ဂုဏ်ပြုရခြင်းမှာ ရာသီဥတု ဖောက်ပြန်မှုအတွက် ကာကွယ်တားဆီးရေးလုပ်ငန်းစဉ်များ အလျင်အမြန် ဆောင်ရွက်ကြရန် တောင်းဆိုခဲ့သောကြောင့်ဖြစ်သည်။ သန်းဘတ်၏ ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ် လျော့ပါးရေး လှုပ်ရှားမှုများကြောင့် ပြည်သူသန်းပေါင်းများစွာအား ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်လျော့ပါးရေး ဆိုင်ရာ လှုံ့ဆော်မှုများကို ပိုမိုပြုလုပ်လာစေခဲ့ကြောင်း အဆိုပါအဖွဲ့က ဆိုသည်။

သန်းဘတ်ဦးဆာင်သော ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲရေး လှုပ်ရှားမှုအား အနာဂတ်အတွက် သောကြာနေ့များဟု အမည်ပေးထားပြီး ၂၀၁၈ ခုနှစ် သြဂုတ်လတွင် စတင်ခဲ့သည်။ ယင်းလှုပ်ရှားမှုတွင် သန်းဘတ်က ရာသီဥတုအရေး ကျောင်းသပိတ်ကို အလေးထားပေးဟူသော စာတန်းကို ကိုင်ဆောင်ပြီး ဆွီဒင်ပါလီမန်၏ အရှေ့တွင် တစ်ဦးတည်းဆန္ဒထုတ်ဖော်ခဲ့သည်။ ယင်းဆောင်ပုဒ်သည် ကမ္ဘာတစ်ဝန်း လူငယ်များထံပျံ့နှံ့သွားပြီး နိုင်ငံပေါင်း ၁၅၀ ခန့်တွင် ရာသီဥတု ပြောင်းလဲရေးဆိုင်ရာ ဆန္ဒထုတ်ဖော်မှုများ ဖြစ်ပွားခဲ့သည်။

ကိုးကား-အေအက်ဖ်ပီ

ဘာသာပြန်-စိုးသူရ