MNL-2 ယူ-၁၈ အမှတ်ပေးပြိုင်ပွဲတွင် အား/ကာသိပ္ပံအသင်း ဗိုလ်စွဲ

၂၅ ဇူလိုင် 

၂၀၁၉ ရာသီ MNL-2 ယူ-၁၈ အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၄) ကို ယနေ့ညနေပိုင်းက ကွင်းလေးကွင်း၌ တပြိုင်နက်ကျင်းပပြီး ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပွဲတွင် ဂိုးပြတ်အနိုင်ရခဲ့သည့် အား/ကာသိပ္ပံအသင်းက ချန်ပီယံဆုရခဲ့သည်။

နောက်ဆုံးရက်သတ္တပတ်ဖြစ်သည့် ပွဲစဉ် (၁၄) တွင် အား/ကာသိပ္ပံအသင်းက မြဝတီအသင်းကို သုံးဂိုး-ဂိုးမရှိ၊ ရွိုင်ရယ်သန်လျင်အသင်းက ငွေကြယ်ပွင့်အသင်းကို ခြောက်ဂိုး-သုံးဂိုး၊ ချင်းယူနိုက်တက်အသင်းက မောရဝတီအသင်းကို သုံးဂိုး-ဂိုးမရှိ၊ တက္ကသိုလ်အသင်းက ကချင်ယူနိုက် တက်အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

ပွဲစဉ် (၁၃) အပြီးတွင် ၃၇ မှတ်စီရထားသည့် အား/ကာသိပ္ပံနှင့် မြဝတီတို့၏ နောက်ဆုံးပွဲမှာ ချန်ပီယံဆုအတွက် အဆုံးအဖြတ်ဖြစ်ခဲ့ပြီး အား/ကာ သိပ္ပံအသင်းက ဂိုးပြတ်အနိုင်ရလဒ်နှင့်အတူ ချန်ပီယံဆုရယူနိုင်ခဲ့ခြင်းဖြစ်သည်။ အား/ကာသိပ္ပံအသင်းသည် ပြိုင်ပွဲတစ်လျှောက် ရှုံးပွဲမရှိဘဲ ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲအပြီးတွင် အား/ကာသိပ္ပံအသင်းက ၁၃ ပွဲနိုင်၊ တစ်ပွဲသရေ၊ ရမှတ် ၄၀ ဖြင့် ပထမ၊ မြဝတီအသင်းက ၁၂ ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံး၊ ၃၇ မှတ်ဖြင့် ဒုတိယ၊ တက္ကသိုလ်အသင်းက ကိုးပွဲနိုင်၊ ငါးပွဲရှုံး ၂၇ မှတ်ဖြင့် တတိယတို့ရရှိခဲ့သည်။

ပဒုမ္မာကွင်း၌ ကျင်းပသည့် အား/ကာသိပ္ပံနှင့် မြဝတီအသင်းတို့ပွဲအပြီးတွင် ဆုချီးမြင့်ပွဲ ဆက်လက်ကျင်းပရာ  တတိယဆုရ University အသင်းအား တစ်ဦးချင်းဆုတံဆိပ်များကို  မြဝတီအသင်း အမှုဆောင်အရာရှိချုပ် ဦးမြတ်စိုးနှင့်  My Sports မှ မန်နေးဂျင်း ဒါရိုက်တာ Mr.Clint၊ ဆုကြေးငွေကျပ် ၂၅ သိန်း ကို မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊  ဒုတိယဆုရ မြဝတီအသင်းအား တစ်ဦးချင်းဆုတံဆိပ်များကို ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် တက္ကသိုလ်များ ဘောလုံးဆပ်ကော်မတီဥက္ကဋ္ဌ ဒေါက်တာသောင်းထိုက်နှင့် အား/ကာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ဦးစိုးအောင်၊ ဆုကြေးငွေကျပ် သိန်း ၅၀ ကို MPT JO Department General Manager ဦးကျော်သက်၊ ပထမဆုရ အား/ကာသိပ္ပံအသင်းအား တစ်ဦးချင်းဆုတံဆိပ်များကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့် ချင်းယူနိုက်တက်အသင်းပိုင်ရှင်ဒေါ်တင့်တင့်လွင်၊ ဆုကြေးငွေ ကျပ်သိန်း ၁၀ဝ ကို MPT JO, Marketing Director ဦးခင်မောင်မြင့်တို့က ပေးအပ်ချီးမြင့်သည်။ ယင်းနောက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဇော်က ပထမဆုရ အား/ကာသိပ္ပံအသင်းအား ချန်ပီယံဆုဖလား ချီးမြှင့်သည်။

ညီမြတ်သော်တာ
ဓာတ်ပုံ-MNL