MNL-2 ယူ-၂၀ အမှတ်ပေးပြိုင်ပွဲတွင် မြဝတီအသင်း ဗိုလ်စွဲ

ရန်ကုန် ၂၁ ဇူလိုင်


၂၀၁၉ ရာသီ MNL-2 (ပထမတန်း) ယူ-၂၀ အမှတ်ပေးပြိုင်ပွဲ နောက်ဆုံးရက်သတ္တပတ်ဖြစ်သည့် ပွဲစဉ် (၁၄) ကို ယနေ့ညနေပိုင်းက ကျင်းပရာ မြဝတီအသင်းက နိုင်ပွဲရယူပြီး ချန်ပီယံဆုရယူနိုင်ခဲ့သည်။


ပြိုင်ပွဲနောက်ဆုံးနေ့တွင် မြဝတီအသင်းက အား/ကာသိပ္ပံအသင်းကို တစ်ဂိုး-ဂိုးမရှိ၊ တက္ကသိုလ်အသင်းက ကချင်ယူနိုက်တက်အသင်းကို သုံးဂိုး-နှစ်ဂိုး၊ ချင်းယူနိုက်တက်က ငွေကြယ်ပွင့်အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ မောရဝတီအသင်းက ရွိုင်ရယ်သန်လျင်အသင်းကို သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ပွဲစဉ် (၁၃) အပြီးတွင် ရမှတ်မကွာသည့် မြဝတီနှင့် အား/ကာသိပ္ပံပွဲမှာ ချန်ပီယံဆုအတွက် အဆုံးအဖြတ်ဖြစ်ခဲ့ပြီး တစ်မှတ်အသာရထားသည့် အား/ကာသိပ္ပံအသင်းသည် သရေကျရုံဖြင့် ချန်ပီယံဆုရမည်ဖြစ်သော်လည်း ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။ မြဝတီအသင်းသည် လိုအပ်နေသည့် အနိုင်သုံးမှတ်ကို ရယူကာ ချန်ပီယံဆုရယူနိုင်ခဲ့ခြင်းဖြစ်ပြီး တစ်လုံးတည်းသောအနိုင်ဂိုးကို ပွဲအစ ၄ မိနစ်တွင် ဟိန်းဇေယျာမင်းက သွင်းယူခဲ့သည်။ ပြိုင်ပွဲအပြီးတွင် မြဝတီအသင်းက ၁၃ ပွဲနိုင်၊ တစ်ပွဲရှုံး၊ ၃၉ မှတ်ဖြင့် ပထမ၊ အား/ကာသိပ္ပံအသင်းက ၁၂ ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံး၊ ၃၇ မှတ်ဖြင့် ဒုတိယ၊ တက္ကသိုလ်အသင်းက ရှစ်ပွဲနိုင်၊ နှစ်ပွဲသရေ၊ လေးပွဲရှုံး၊ ၂၇ မှတ်ဖြင့် တတိယဆုတို့ ရရှိခဲ့သည်။ 


ပဒုမ္မာကွင်း၌ ကျင်းပသည့် မြဝတီနှင့် အား/ကာသိပ္ပံအသင်းတို့ပွဲအပြီးတွင် ဆုချီးမြင့်ပွဲ ဆက်လက်ကျင်းပရာ တတိယဆုရ တက္ကသိုလ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်ကို အား/ကာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ဦးစိုးအောင်၊ ဆုကြေးငွေ ကျပ် ၃၅ သိန်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ ဒုတိယဆုရ အား/ကာသိပ္ပံအသင်းအား တစ်ဦးချင်းဆုတံဆိပ်ကို ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်၊ တက္ကသိုလ်များ ဘောလုံးဆပ်ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာသောင်းထိုက်၊ ဆုကြေးကျပ်သိန်း ၇၀ ကို မြဝတီအသင်း အမှုဆောင်အရာရှိချုပ် ဦးမြတ်စိုး၊ ပထမဆုရ မြဝတီအသင်းအား တစ်ဦးချင်းဆုတံဆိပ်ကို  ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ဆုကြေးကျပ်သိန်း ၁၀ဝ ကို MPT, Dy Director of Marketing ဦးခင်မောင်မြင့်၊ ချန်ပီယံဆုဖလားကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် မြန်မာနေရှင်နယ်လိဂ် ကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော်တို့က ပေးအပ်ချီးမြှင့်သည်။


သတင်း-ရဲရင့်ရှိုင်း


ဓာတ်ပုံ-ကိုဇေ