MNL အမှတ်ပေးပြိုင်ပွဲ ဒုတိယအကျော့ စတင်ကျင်းပ

နေပြည်တော် ၁၅ ဇွန်

 

၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ဒုတိယအကျော့ အဖွင့်ရက်သတ္တပတ်ဖြစ်သည့် ပွဲစဉ် (၁၂) ပထမနေ့ကို ယနေ့ ညနေပိုင်းက စတင်ကျင်းပရာ တောင်ကြီးမြို့၌ ကျင်းပသည့် ရှမ်းယူနိုက်တက်နှင့် Chinland အသင်းပွဲကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ရှမ်းယူနိုက်တက်အသင်း ဥက္ကဋ္ဌ ဦးခွန်နောင်မြင့်ဝေနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။ ပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နှစ်ဖက်အသင်းအား ဂုဏ်ပြုဆုငွေ ကျပ် ၁၅ သိန်းစီ ပေးအပ်ချီးမြင့်သည်။

 

တောင်ကြီးကွင်း၌ ကျင်းပသည့် ရှမ်းယူနိုက်တက်အသင်းနှင့် Chinland အသင်းတို့ တစ်ဂိုးစီသရေကျခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ယခုရာသီ ပထမဆုံးအိမ်ကွင်းပွဲတွင် နိုင်ပွဲရယူနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။ ရှမ်းယူနိုက်တက်အသင်းသည် ရှုံးထွက်ပြိုင်ပွဲတွင် ပြသခဲ့သည့် ခြေစွမ်းမျိုးပြသနိုင်ခြင်းမရှိဘဲ ကစားသမားများ၏စွမ်းဆောင်ရည်မှာ သာမန်အောက်ရောက်နေသောကြောင့် နိုင်ပွဲနှင့် လွဲချော်ခဲ့ခြင်းဖြစ်သည်။ တန်းဆင်းဇုန်အန္တရယ်ရှိနေသည့် Chinland အသင်း၏ ရုန်းကန်မှုကို တွေ့မြင်ခဲ့ရပြီး အဖိုးတန်သရေတစ်မှတ် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

 

ရှမ်းယူနိုက်တက်အသင်းသည် နိုင်ငံခြားသားကစားသမားသုံးဦးအပါအဝင် အမာခံကစားသမားအစုံအလင်ဖြင့် ပွဲထွက်ခဲ့ပြီး သီဟစည်သူ၊ ဟိန်းသီဟဇော်၊ နန္ဒကျော်၊ ဇင်မင်းထွန်းတို့ ပါဝင်လာသည်။ Chinland အသင်းမှာလည်း နိုင်ငံခြားသားများအပါအဝင် လူစုံအသုံးပြုခဲ့ပြီး ရှမ်းယူနိုက်တက်အသင်းကို ရင်ဆိုင်ခဲ့သည်။  ပထမပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းက ပိုဖိကစားနိုင်သော်လည်း ရှေ့တန်းနှင့် အလယ်တန်း ချိတ်ဆက်ရာတွင် အားနည်းနေသောကြောင့် ထိရောက်သည့်ဂိုးသွင်းခွင့်မရခဲ့ပေ။ ဒုတိယပိုင်းတွင် Chinland အသင်းက တိုက်စစ်မြင့်လာပြီး မိနစ် ၅၀ တွင်အသစ်ခေါ်ထားသည့် တိုက်စစ်မှူး အီမန်နျူရယ်က ဦးဆောင်ဂိုးသွင်းခဲ့သည်။ မထင်မှတ်ဘဲ ဂိုးပေးလိုက်ရသောကြောင့် ရှမ်းအသင်း ချေပဂိုးရ၇န် တိုက်စစ်မြင့်လာပြီး ၈၆ မိနစ်မှ ဂိုးပြန်ရခဲ့ကာ မက်ဆီမင်က သွင်းယူခဲ့ခြင်းဖြစ်သည်။      


        
ပဲခူး Grand Royal ကွင်း၌ ကျင်းပသည့်ပွဲတွင် ဟံသာဝတီနှင့် ရတနာပုံအသင်းတို့ ဂိုးမရှိသရေကျခဲ့သည်။ မော်လမြိုင်ကွင်း၌ ကျင်းပသည့်ပွဲတွင် ဧရာဝတီအသင်းက Southernအသင်းကို လေးဂိုးပြတ်အနိုင်ရခဲ့သည်။ ဧရာဝတီအသင်းအတွက် အနိုင်ဂိုးများကို ၄ မိနစ်တွင် ဆာဆက်၊ ၂၁၊ ၈၆ မိနစ်တွင် သီဟဇော်၊ ၄၅+၁ မိနစ်တွင် မာတူနာက သွင်းယူခဲ့သည်။ သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် ဇွဲကပင်နှင့် စစ်ကိုင်းအသင်းတို့ နှစ်ဂိုးစီသရေကျခဲ့သည်။ ၃ မိနစ်တွင် ကြည်လင်း၊ ၁၄ မိနစ်တွင် ရာစင်တို့က ဇွဲကပင်အသင်းအတွက်ဦးဆောင်ဂိုးများသွင်းခဲ့သော်လည်းစစ်ကိုင်းအတွက် ချေပဂိုးများကို ၆၄၊ ၉၀+၃ မိနစ်တွင် ဒိုနယ်က သွင်းယူခဲ့သည်။ 

 

ပွဲစဉ် (၁၂) ဒုတိယနေ့ကို ဇွန် ၁၆ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး YUSC ကွင်း၌ ရန်ကုန်အသင်းနှင့် ရခိုင်အသင်း၊ သုဝဏ္ဏကွင်း၌ ဒဂုံအသင်းနှင့် မကွေးအသင်းတို့ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

 

ဓာတ်ပုံ-စိုးညွန့်

 

DSC_2871