MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၆) ဆက်လက်ကျင်းပမည်

ရန်ကုန် ၁၁ ဇူလိုင်

၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၆) ကို ဇူလိုင် ၁၃၊ ၁၄ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။

ပွဲစဉ် (၁၆) အဖြစ် ဇူလိုင် ၁၃ ရက်တွင် သုဝဏ္ဏကွင်း၌ မကွေးအသင်းနှင့် ရတနာပုံအသင်း၊ ပုသိမ်ကွင်း၌ ဧရာဝတီအသင်းနှင့် ဒဂုံအသင်း၊ မော်လမြိုင်ကွင်း၌ Southern အသင်းနှင့် ရခိုင်အသင်း၊ ဇူလိုင် ၁၄ ရက်တွင် သုဝဏ္ဏကွင်း၌ Chinland အသင်းနှင့် စစ်ကိုင်းအသင်း၊ YUSC ကွင်း၌ ရန်ကုန်အသင်းနှင့် ဇွဲကပင်အသင်း၊ တောင်ကြီးကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် ဟံသာဝတီအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ပွဲစဉ် (၁၅) အပြီးတွင် ရန်ကုန်အသင်းက ရမှတ် ၃၀ ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ရှမ်းယူနိုက်တက်အသင်းက ၂၉ မှတ်၊ ဧရာဝတီအသင်းက ၂၇ မှတ်၊ ဟံသာဝတီအသင်းက ၂၅ မှတ်၊ စစ်ကိုင်းနှင့် ရခိုင်အသင်းက ၂၃ မှတ်စီ၊ ရတနာပုံအသင်းက ၂၁ မှတ်၊ ဇွဲကပင်နှင့် Southern အသင်းက ၁၅ မှတ်စီ၊ မကွေးအသင်းက ၁၄ မှတ်၊ ဒဂုံအသင်းက ၁၃ မှတ်နှင့် Chinland အသင်းက ကိုးမှတ်ရရှိထားသည်။ ရှမ်းယူနိုက်တက်အသင်းသည် ထိပ်ဆုံးမှ ရန်ကုန်အသင်းကို ဆက်လက်ဖိအားပေးနိုင်ရန် အမှားခံ၍မရဘဲ ကစားပုံမာကျောသည့် ဟံသာဝတီနှင့် တွေ့ဆုံနေသောကြောင့် ရုန်းကန်ရဖွယ်ရှိနေသည်။ ဟံသာဝတီအသင်းသည် နှစ်ပွဲဆက်ရှုံးထားသောကြောင့် ယခုပွဲမှာ အရေးပါနေပြီး ရှမ်းယူနိုက်တက်နှင့် အဝေးကွင်းကစားရမည် ဖြစ်သောကြောင့် ထပ်မံရုန်းကန်ရဖွယ်ရှိနေသည်။

လက်ရှိချန်ပီယံရန်ကုန်အသင်းသည် ယာယီနည်းပြချုပ် ဦးတင်မောင်ထွန်းလက်ထက်တွင် ရလဒ်ကောင်းများ ဆက်တိုက်ရရှိနေပြီး အိမ်ကွင်းပွဲများ ဆက်တိုက်ကစားနေရသောကြောင့် ဇယားထိပ်ဆုံးတွင် ဆက်လက်ရပ်တည်နိုင်ရန် အကောင်းဆုံးအခွင့်အရေးဖြစ်နေသည်။ ယခုတစ်ပတ်တွင် အသင်းကြီးအချင်းချင်း တွေ့ဆုံမှုမရှိသော်လည်း အမှတ်လိုနေသည့်အသင်းများ၊ ချန်ပီယံဆုအတွက် အမှတ်ပြည့်ရယူရမည့်အသင်းများကြောင့် ပွဲကောင်းများ ဖြစ်လာနိုင်ပေသည်။

ယခုရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပြီးဆုံးရန် တဖြည်းဖြည်းနီးကပ်လာပြီဖြစ်ပြီး အသင်းများအနေဖြင့် ပွဲတိုင်းမှာ အရေးပါနေကာ ချန်ပီယံဆုအပြင် တန်းဆင်းနှစ်နေရာအတွက်ပါ ရုန်းကန်ရမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ၊ ဓာတ်ပုံ-စိုးညွန့်