MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၇) တွင် ရှမ်းယူနိုက်တက်နှင့် ဧရာဝတီ ထိပ်တိုက်တွေ့ဆုံ

၁၈ ဇူလိုင်

၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၇) ကို ဇူလိုင် ၂၀၊ ၂၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ဇယားထိပ်ပိုင်းမှ ရှမ်းယူနိုက်တက်နှင့် ဧရာဝတီအသင်းတို့ ထိပ်တိုက်တွေ့ဆုံလျက်ရှိသည်။

ပွဲစဉ် (၁၇) အဖြစ် ဇူလိုင် ၂၀ ရက်တွင် သုဝဏ္ဏကွင်း၌ မကွေးအသင်းနှင့် စစ်ကိုင်းအသင်း၊ YUSC ကွင်း၌ ရန်ကုန်အသင်းနှင့် ဒဂုံအသင်း၊ ပဲခူး Grand Royal ကွင်း၌ ဟံသာဝတီအသင်းနှင့် ရခိုင်အသင်း၊ ဇူလိုင် ၂၁ ရက်တွင် မန္တလာသီရီကွင်း၌ ရတနာပုံအသင်းနှင့် Southern အသင်း၊ သုဝဏ္ဏကွင်း၌ Chinland အသင်းနှင့် ဇွဲကပင်အသင်း၊ တောင်ကြီးကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် ဧရာဝတီအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ပွဲစဉ် (၁၆) အပြီးတွင် ရန်ကုန်အသင်းက ၃၃ မှတ်ဖြင့် ဆက်လက်ဦးဆောင်နေပြီး ရှမ်းယူနိုက်တက်အသင်းက ၃၂ မှတ်၊ ဧရာဝတီအသင်းက ရမှတ် ၃၀ ဖြင့် အနီးကပ်ဖိအားပေးလျက်ရှိသည်။ ယင်းအသင်းများနောက်တွင် ရခိုင်အသင်းက ၂၆ မှတ်၊ ဟံသာဝတီအသင်းက ၂၅ မှတ်၊ စစ်ကိုင်းအသင်းက ၂၃ မှတ်၊ ရတနာပုံအသင်းက ၂၂ မှတ်၊ မကွေး၊ ဇွဲကပင်နှင့် Southern အသင်းတို့က ၁၅ မှတ်စီ၊ ဒဂုံအသင်းက ၁၃ မှတ်၊ Chinland အသင်းက ၁၂ မှတ်ရရှိထားသည်။ ပွဲစဉ် (၁၆) အပြီး အနေအထားအရ ချန်ပီယံဆုအတွက် သုံးသင်း၊ တန်းဆင်းဇုန်နှစ်နေရာအတွက် ငါးသင်း ဆက်လက်ပြိုင်ဆိုင်ရမည့် အနေအထားဖြစ်နေပြီး လက်ကျန်ပွဲများက ပိုမိုစိတ်ဝင်စားစရာကောင်းနေသည်။

ချန်ပီယံဆုအတွက် မျှော်လင့်ချက်ရှိနေသည့် သုံးသင်းအနက် လက်ရှိချန်ပီယံ ရန်ကုန်အသင်းသည် အိမ်ကွင်းဆက်လက်ကစားရမည်ဖြစ်ပြီး ရှမ်းယူနိုက်တက်နှင့် ဧရာဝတီအသင်းတို့ တွေ့ဆုံနေခြင်းဖြစ်သည်။ ထိပ်ဆုံးမှ ရန်ကုန်အသင်းသည် အိမ်ကွင်းပွဲများ ဆက်တိုက်ကစားနေရခြင်းဖြစ်ပြီး အမှတ်စုဆောင်းရမည့်ကာလဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းမှာမူ အိမ်ကွင်းပွဲများဆက်တိုက် ကစားနေရသော်လည်း ပွဲကျပ်များ ကစားရန်ကျန်သေးပြီး ဧရာဝတီအသင်းကို ထပ်မံကျော်ဖြတ်နိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။ ဒုတိယအကျော့တွင် နိုင်ပွဲလေးပွဲအထိ ရယူထားသည့် ဧရာဝတီအသင်းကို ထပ်မံစမ်းသပ်မည့်ပွဲဖြစ်ပြီး ပထမအကျော့က ဧရာဝတီအသင်း အိမ်ကွင်းပွဲတွင် နှစ်ဂိုးစီသရေကျခဲ့သည်။

၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲမှာ ပြီးဆုံးရန် ခြောက်ပွဲသာလိုတော့ပြီး ပန်းဝင်ခါနီးတွင် ဘယ်အသင်း ခြေချော်မလဲ၊ ဘယ်အသင်းက ပုံစံကောင်းကို ဆက်ထိန်းပြီး နိုင်ပွဲဆက်မလဲ စောင့်ကြည့်ရမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်